Sunday, June 21, 2015

‘သားရဲ့သူငယ်ချင်းတွေ ကျောင်းသွားကုန်ပြီ မေမေ

သားက ဒုက္ခသည်မို့လို့
ဒုက္ခသည်စခန်းမှာ နေရတာကို ဒုက္ခ သည်စခန်းမှာနေတော့လည်း ဒုက္ခတွေ အဆက်မပြတ်ရွာတုန်း ပဲ မဟုတ်လား။
သားသူငယ်ချင်းတွေ
ကျောင်းသွားကုန်ကြပြီမေမေ။
သားရဲ့ကျောင်းစိမ်းပုဆိုးလေး
ဘယ်တုန်းက အငယ်မအတွက် အနှီးဖြစ်သွားတာလဲ။
သားရဲ့ ကျောင်းအင်္ကျီအဖြူလေး
ဘယ်တုန်းက အကို့ခြေထောက် မှာ ပတ်တီးဖြစ်သွားတာလဲ
အပြင်က ပြန်လာလို့ စားစရာ နည်းနည်းပါလာတိုင်း
တောထဲကို ဟင်းရွက်တွေ ရှာ ထွက်တိုင်း
မေမေက ဘာလို့သားလွတ်အိတ် ကို ယူသွားတာလဲ။
သားရဲ့ သူငယ်ချင်းတွေ
ကျောင်းသွားကုန်ကြပြီ မေမေ။
ညဆို
သားခြေထောက်တွေ ကျောင်းကို သွားနေတာ
သားလက်ချောင်းတွေ စာကိုရေး နေတာ
အဲဒါ မေမေသိလား
အခုချိန်ဆို
သားသူငယ်ချင်းတွေ
ကျောင်းသွားကုန်ကြပြီ မေမေ။

မှော်အောင်
နှင်းဆီဖြူမဂ္ဂဇင်း (၂၀၁၄ အောက်တိုဘာလ)

Saturday, June 20, 2015

ငရဲလားမယ့် အဖေ (သို့မဟုတ်) ‘‘အဖေ့ နေရာ’’

မေတ္တာကန့်လန့်ကာ နောက်ကွယ်က အဖေ။
သားသမီးတွေ ကကြိုးဆင် အလှ တိုးစေချင်တဲ့အဖေ။
ရုန်းကန်လှုပ်ရှား အပြင်မှာ အနေ များတဲ့ အဖေ။
အိမ်ပြန်မိုးချုပ် အစဉ်သာ အလုပ် ရှုပ်တဲ့ အဖေ။
စီးပွားအသပြာတိုးစေဖို့
သားသမီးတွေ မနိုးခင်
ဘုရားပင် မရှိခိုးနိုင်ဘူး
အရုဏ်ကို အဖော်လုပ် အားထုတ် တဲ့ အဖေ။
ဂုဏ်တော်ကိုးပါး ဦးထိပ်ထားလို့
သွားရင်း ရွတ်ဖတ်
အရဟံ-သမ္မာ-သမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏ သမ္ပန္တော-သုဂတော
ဟော...အကြီးကောင် ဖိနပ်ဖိုး၊ တိုးလာတဲ့ ဈေးနှုန်း
ဖြုန်းတတ်တဲ့ အလတ်မ၊
လှချင်တဲ့ အငယ်ကောင်
ယောင်တောင်တောင် အထွေးဆုံးအတွေးလုံးတွေ ဝင်ဆောင့်
အောင့်သွားတဲ့ ရင်အစုံကြောင့်
ကိုးပါးဂုဏ်တော် တစ်ခါမှ မပြည့် စုံဘူး
တစ်ခါတလေ သုဂတောမှာ ဆုံး လို့ဆုံး
ရှုံးမဲ့ကုန်အရေးတွေးကာပူ
လောကဝိဒူမှာ ရပ်လို့ရပ်
သတ္တာဒေဝ-မနုဿာနံ-
ရှေ့ဆက်ရန် အစပျောက်
ဘဂဝါထိ မရောက်နိုင်တဲ့ အဖေ
စီးပွားရေးသဘော
လိမ်ပြောညာပြော
ဟုတ်တာလည်းပြော၊
မဟုတ်တာလည်းပြော
ရိတာလည်း ရှိ၊ ငြိတာလည်း ရှိ
မူးတာလည်းပါ၊ မြူးတာလည်းပါ
ပါဏာတိအစ၊ သူရာမေအဆုံး
လုံးလုံးသီလမရှိတဲ့ အဖေ
ညစာကိုအောင့် ဇရပ်ထောင့်မှာ
ဥပုသ်မစောင့်ဘူးတဲ့ အဖေ။
မိသားစုအရေး ကုသိုလ်ဝေးပြီး
အလုပ်မှာ နစ်မျော
ဇောခုနစ်တန် အဖန်ဖန်ပတ်ရစ်
လူ့ဘုံနွံညစ်မှာ
ကိုယ်နစ်တော့ ခြေကန်
ခြေမဟန်တော့ လက်ယက်
လက်ပျက်တော့ ခေါင်းကူ
မငြူမစူ စိတ်မဆိုး
တာဝန်တွေ ကုန်းပိုးပြီး
ဟိုးကမ်းခြေကပ်တဲ့အထိ
ကူးခပ်တဲ့ အဖေ
ဟော... အတောင်အတက်...
အဆောင်အခတ်ရယ် စုံလင်ပါ တော့
တဒင်္ဂအမြင် အတွေးအထင်တွေနဲ့ သားသမီးတွေကို မကြင်နာ
အပြင်မှာ ခင်စရာရှာတဲ့ အဖေတဲ့
မိဘဂုဏ်အင် ဝတ်ငါးအင်
မစုံလင်တဲ့ အဖေတဲ့လေ။
သားသမီးအရေးကြောင့် ကုသိုလ် ဝေးရတဲ့အထဲ ပဉ္စနန္ဒြိယ ကံမိုက် သားသမီးတွေ ထိုက်မှာစိုးလို့
ငါးပါးသီလဂုဏ် မပြည့်စုံလည်း
ကုသိုလ်ပွားများ(ရင်)
အပါယ်မလားပါဘူးကွယ်
မိဘပြစ်မှား ပြောဆိုငြားလည်း
မိဘခွင့်လွှတ်(ရင်)
အပြစ်လွတ်ပါတယ်ကွယ်။
အမြဲမှားခဲ့တဲ့ အဖြေ
တလွဲထားခဲ့ အမွေ
သြော်...ငရဲလားမယ့်အဖေ
ဆိုးပေ (ဒါရိုက်တာ စိုးသိမ်းထွဋ်) ၁၉၉၈ နိုဝင်ဘာထုတ် ရွှေအမြု တေမဂ္ဂဇင်း

Friday, June 19, 2015

(ဦး)မင်းကိုနိုင်ရဲ့ ယူ ၂၃ မြန်မာဘောလုံးအသင်းအတွက် ရေးတဲ့ကဗျာ

ကမ္ဘာမကြေကို
သံပြိုင်ဆိုရင်း
ပုခုံးတွေ တင်းတင်းဖက်ထားကြ
မျက်ရည်ကြားမှာ
ပြိုကျလာတဲ့
အရှုံးနဲ့ အမှိုက်တွေပုံ
လက်တုန်တုန်နဲ့ကောက်
နှစ်သိမ့်အပြုံးတွေ ၀င်းတောက်လို့
လမ်းပေါ် လေ့ကျင့်ဖို့
ကားရှင်းချိန်ကို
အိပ်ပျက်ခံ ဘောလုံးပိုက်
စောင့်လိုက်ရတဲ့ကလေးတွေ
အရှုံးထဲမှာ လူကိုမမည်း
ဘောလုံးကိုပဲ ကန်ခဲ့ကြ
ရလဒ်သာ အရေးနိမ့်တာ
စိတ်ဓာတ်တော့ အရေးမနိမ့်ခဲ့ကြဘူး
ဒီကစားသမားနဲ့ ဒီပရိသတ်
မြင့်မြတ်စိတ်ထားဟာ
ဆုဖလားတွေထက် အဖိုးတန်တယ်
ကမ္ဘာမကြေကို
သံပြိုင်ဆိုရင်း
ပုခုံးတွေ တင်းတင်းဖက်ထားကြ
တနေ့တော့
ဒီခေါင်းတွေ မော့ရဦးမှာပေါ့။.....။

မင်းကိုနိုင်
( ၁၅-၆-၂၀၁၅)

သမ္မတကြီးတဲ့လား

နံနက်ခင်း
လက်ဖက်ရည်ဆိုင်ရောက်တဲ့အခါ စားပွဲထိုးလေးတွေက
သမ္မတကြီးဘာသောက်မလဲတဲ့။

အရက်ဆိုင်ရောက်တဲ့အခါ
အနှိပ်သမလေးတွေက
သမ္မတကြီး ညောင်းလာပြီလားတဲ့။

အိမ်ပြန်ရောက်တဲ့အခါ
မိန်းမက  သားနဲ့သမီးတို့ရေ
နင်တို့အဖေ သမ္မတကြီး
ပြန်လာပြီတဲ့။

ကျွန်တော်တို့ ရပ်ကွက်ထဲမှာ
ဗန်းစကားတစ်ခွန်း
ခေတ်စားနေတယ်။

ကတိမတည်တဲ့လူကို
‘သမ္မတကြီး’တဲ့

သမ္မတကြီး သမ္မတကြီး
သမ္မတကြီး။


အောင်ဘညို

Friday, February 20, 2015

ရန်ကုန်မြို့သေဆုံးခြင်း

ကျုပ်လေ….. တစ်ခါတစ်ခါတော့…..
ရင်နာစရာကောင်းလှတဲ့…..
ရန်ကုန်မြို့ကြီးကို….. သေဆုံးကြည့်မိတယ်…..
ကြည်စမ်းပါဦးဗျာ…..
ဆောင်းနွေမှာဖြင်ဆူပြီး…..ဖုန်ထူထူထနေတဲ့မြို့…..
မိုးတွင်းမှာ ရေကြီးပြီး….. လှေစီနေရတဲ့မြို့…..
ဓာတ်ကြိုးကြီးတွေမိုးထားပြီး…. အလင်းတွေအခိုးခံထားရတဲ့မြို့…..
မြေအောက်ကဂက်စ်တွေထွက်ပြီး…… မီးပျက်နေတဲ့မြို့…..
ကားတန်းကြီးတွေရစ်ပတ်လို့….. အသက်ရှူကျပ်နေတဲ့မြို့…..
ဒီလိုပါပဲ…..
ကားမစီးဘဲလမ်းလျှောက်ရင်တောင်….. ခရီးရောက်နိုင်တဲ့မြို့……
လမ်းလား၊ ဈေးတန်းကြီးလား……မကွဲပြားတဲ့…..မြို့
သွားချိန်ပြန်ချိန်တွေက….. အလုပ်ချိန်ထက် ကြာတဲ့…..မြို့
အလုပ်ရှင် အလုပ်သမားကြားမှာ….. အချိန်တွေသားနေတဲ့…..မြို့
ဒဏ်ရာတွေဗရပွနဲ့….. အောက်ခြေမှာ ခြစားနေတဲ့….. မြို့
ရေတစ်ပေါက်ရဖို့အတွက်….. သေမလောက်စောင့်ရတဲ့….. မြို့
စရိုက်တွေနဲ့ သွေးပျက်ပြီး….. အမှိုက်တွေနဲ့ အေးစက်နေတဲ့…..မြို့
နှစ်ချို့ခြတောင်ပို့ကြီးအောက်က…… ရေဘူးပေါက်နေတဲ့…..မြို့
ဒီလောက်တောင် ဒဏ်ရာတွေဗရပွနဲ့…..
အက်ကြောင်းထပ်နေတဲ့ မြို့ပျက်ကြီးဟာ…..
မကြာခင်…..
အသက်ရှူရပ်သွားတော့မယ် ထင်ရဲ့…..။

သက်မင်းဂျူလိုင်

ပဉ္စလက်လမ်း

မျှော်ကြည့်ရ
ပျပျဝေးဝေး မှုန်ရေးရေး။
အလျင်စလို
ရင်ဖိုမှန်းဆ၊ ရောက်လိုလှလည်း
ခဏလေးနဲ့ မဖြစ်နိုင်။
ဘယ်လောက်များ
ရှည်လျားနေမယ်၊ သိခက်တယ်လေ
လွယ်လွယ်လေးနဲ့တော့ ခရီးမဆုံး။
မျက်လှည့်ဆရာ
လိမ်ညာလှည့်ဖြား၊ ရေမြေခြားစေ
သွားရင်းနဲ့သာ၊ အလုပ်မကွာ။
မှောဆရာတွေ
မာယာစုံစွာ၊ ၀င်္ကပါဖွဲ့
အလှည့်အပတ်၊ အကွေ့ထပ်ပြီး
လက်ယပ်ခေါ်ကာ၊ လမ်းပြောင်းမှာလား။
တို့စိုးရိမ်ရဲ့
ကြောင်လိမ်လှေကား၊ တက်သွားလို့မှ
တံခါးဆီးပိတ်၊ အရိပ်မမြင်
ဟန်ဆောင်ဆင်ကွက်၊ ပဉ္စလက်နဲ့
အရှက်ကမ်းကုန်၊ ခေါင်းမြီးခြုံလို့
မိုက်ပုံတစ်မျိုး၊ ဆန်းဦးမလား။    

တိုးဝေ