အလင်းတံခါး
သဲ့သဲ့ဖွင့်ထားတယ် ဆိုပေမယ့်
သံတံခါးတွေ
အထပ်ထပ် ကာရံထားမှတော့
ထွက်ပေါက်ဆိုတာ
ကြွက်တစ်ကောင်လို ကိုက်ထွက်မယ့်ကြံ
အားမတန်လို့
မာန်လျှော့တဲ့စိတ်တွေက
ဒီလိုမျိုး…..
မိုးပြိုရင်တော့
အများပေါ…..
အမျိုးမျိုးပြောင်းလဲနေတဲ့ခေတ်မှာ
အဟောင်းတွေက
ချာချာလည်နေဆဲ
တရားပါတယ်ဆိုတဲ့
ဥပဒေသရဲအောက်မှာ
မတရားလည်းရှုံး
တရားလည်းအရှုံးပဲ
အမုန်းမခံချင်တဲ့စိတ်နဲ့
ခပ်အေးအေးပဲ နေချင်တဲ့ကျုပ်တို့လူမျိုး
မိုးပြိုရင်တော့
အများပေါ့…..
မြားဦးကိုယ့်ဘက်မလှည့်ဖို့အရေး
အမှားတွေကိုခြေကန်ပြီးအမှန်ဖြစ်အောင်လုပ်
ဝါးအဆွေးကိုချွန်လို့
ထက်နိုင်ပါဦးမလား
တတ်နိုင်ဘူးလေ……
လမ်းကောင်းကောင်း
မကောင်းကောင်း
လမ်းဟောင်းဆိုလည်း
လျှောက်နေရမှာပဲ
မိုးပြိုရင်တော့
အများပေါ့…..
မသိခြင်းများစွာကို
ရင်မှာပိုက်ခဲ့တဲ့နှစ်ပေါင်းများစွာ
အသိတရားတွေကိုလည်း
မျိုသိပ်ခဲ့ရပါပြီ
အမြင်တွေဆိုးနေလို့
အဆိုးတွေမြင်နေတာလားတော့မသိ
အငြိုးအတေးလည်း
မထားတတ်တဲ့ လူမျိုးတွေပါ
ယီးတီးယားတားနဲ့
ဆီးသီးနွားစားတဲ့ အချိန်ကိုမျှော်နေရတဲ့အမြင်မှာ
မိုးပြိုရင်တော့
အများပေါ့…..
(လွမ်းသစ်နောင်)