ပွန်းပဲ့သွားခဲ့တဲ့
သိက္ခာများအတွက်
အစာကြေညက်လွယ်ရန်
မြန်လွန်းသူ “အစာအိမ်”အား
ထုချေလွှာတောင်းထားသူတစ်ယောက်…..
ကြေမွသွားခဲ့ရတဲ့
ဘ၀အပိုင်းအစများအတွက်
စုံမက်ချစ်မြတ်နိုးတတ်ဆုံး
“အသည်းနှလုံး”အား
ထုချေလွှာတောင်းထားသူတစ်ယောက်…..
ယုတ်လျော့သွားခဲ့တဲ့
မာန်မာနများအတွက်
ရက်စက်တတ်လွန်းတဲ့ “အချိန်”
ပြက္ခဒိန်-နာရီများအား
ထုချေလွှာတောင်းထားသူတစ်ယောက်…..
တိုးပွားလာခဲ့တဲ့
သောကများစွာအတွက်
မျက်နှာလိုက်တတ်သူအမှန်
“ကံကြမ္မာ” ဇာတ်ဆရာကို
ထုချေလွှာတောင်းထားသူတစ်ယောက်…..
ဒုက္ခတွင်းထဲမှာ
မျှော်လင့်ချက်ကြီးမားစွာ စောင့်စားရင်း
အချည်းအနှီးကုန်ဆုံးသွားပြီဖြစ်တဲ့
လုံ့လ၀ီရိယနဲ့ အရည်အချင်းကောင်းများအတွက်
“သစ္စာတရား”အား
ထုချေလွှာတောင်းထားသူတစ်ယောက်…..
အတွက်အချက်မှားခဲ့၍
နှုတ်ခမ်းပဲ့ချင်းမီးမှုတ်
လောကဓံလှိုင်းထဲ မြုပ်ခဲ့မှုအတွက်
ထက်မြက်မှုသွေ့ခြောက်
နုန့်နဲ့တဲ့ “ဦးနှောက်”အား
ထုချေလွှာတောင်းထားသူတစ်ယောက်…..
“ဥပေက္ခာ” ဇရပ်ထဲ
“မုဒိတာ” တည်းခိုရိုးမရှိ
ဒင်းတို့မသိတာ
“ကရုဏာ” ပါပဲလို့
“စေတနာ” ဗလာနဲ့
“သံသရာ” ကညည်းညူနေလေရဲ့.....
တောင်ငူ-လူမော်
No comments:
Post a Comment