Wednesday, July 30, 2014

''မငြိမ်းမယ့် မီးအိမ်''


သက်ပြင်းရှိုက်သံ သဲ့သဲ့ကလေးများ
ကြားမိသလားလို့
လှည့်ကြည့်တော့လည်း
အိပ်ရာခင်းက ပြန့်ပြူးဆဲလေ
ခြေသံ တရှပ်ရှပ် ကိုယ်နားစိုက်တော့
စိတ်ထင်တာပဲ ဖြစ်နေပြန်ရော
ထိုင်တော့မယ့်လူမရှိပါဘူး
သိနေမိလည်း
စားချိန်တန်ရင်
မင်းထိုင်နေကျခုံကလေးကို
ဆွဲထုတ်တာလည်း အခါခါပေါ့
မျှော်သူမရှိဘူး သိနေပေမယ့်
အိမ်အပြန်ခြေလှမ်း အမြဲမြန်တာ
မသိစိတ်က
မင်းရှိဆဲပဲ ထင်နေတာလေ
ခေါ်မယ့်အသံ မကြားနိုင်ပေမယ့်
နားစွင့်မိတာလည်း
အခါခါပေါ့
ထားခဲ့ရက်သူရေ...
တကယ်လို့များ
သံသရာတစ်ကွေ့မှာ
မင်းနဲ့ငါ
ပြန်ဆုံတွေ့ကြဦးမယ်ဆိုရင်
ဆုတစ်ခုတော့ တောင်းချင်ပါတယ်
ခွဲရမယ့်အချိန်ရောက်ရင်
ကျန်နေခဲ့ရမယ့်အစား
ထားသွားသူပဲ ဖြစ်ပါရစေလို့.....


(ထားသွားခဲ့ရက်သူတစ်ယောက်အတွက် အမှတ်တရ)
မင်းအုပ်စိုး

No comments:

Post a Comment