မကောင်းတာကို ကောင်းတယ်လို့ထင်
မမှန်တာကို မှန်တယ်လို့တွေး
အတွေးမှားတော့ အလုပ်မှားတာပေါ့
အလုပ်မှားတော့ အရှုပ်ပွားတာပေါ့
တစ်ရစ်ပြီးတစ်ရစ်တက်
အကျိုးမများတဲ့ရက်တွေနဲ့
အသက်ရှည်လာခဲ့တဲ့အခါ…..။
လုပ်သင့်တာမလုပ်မိတဲ့အမှား
မလုပ်သင့်တာ လုပ်မိတဲ့အမှား
နှစ်ဖက်ချွန်အမှားတွေနဲ့
အထက်တံခွန်လွှားလိုက်တော့
အမှားသံသရာ
အမှားကမ္ဘာထဲမှာ
စုံးစုံးမြုပ်ချာချာလည်ပြီး
အဖတ်မဆယ်နိုင်အောင်ဖြစ်ရပါရောလား…..။
လုပ်သင့်တာလုပ်ဖို့ဆိုတဲ့ အသိတရား
မလုပ်သင့်တာရှောင်ကြဉ်ဖို့ဆိုတဲ့ အသိတရား
ရှိများရှိခဲ့ရင်ဖြင့်
သင့်ဘ၀သင့်ကမ္ဘာဟာ
သာယာငြိမ်းချမ်း
စိန်းလန်းစိုပြည်(ပြေ)
နေပျော်တဲ့ဘ၀မျိုး
ကျကျနနနဲ့
လှလှပပ တည်ဆောက်နိုင်မှာပါ…..။
ကိုယ့်ဘ၀ ကိုယ့်ကမ္ဘာ
မှောင်နေသလား လင်းနေသလားဆိုတာတော့
သေသေချာချာမြင်အောင်ကြည်တတ်ဖို့
အသိတရားတော့လိုတယ်
ဘ၀အတွက် သိပ်အရေးကြီးတယ်ဆိုတာ
ဘယ်ပညာရှိကမှ မဆုံးမနိုင်ဘူး
မိမိကိုယ်ကိုမိမိ ဆုံးမခြင်းသည်သာ
အကောင်းဆုံးဆရာဆိုတာ သိကြဖို့
သတိတရနဲ့
အမိအရ ပြောလိုက်ချင်တာက…..။
အောင်သိဒ္ဓိ
No comments:
Post a Comment