Saturday, January 31, 2015

သက်တံ

ညနေခင်းတခု
မိုးစဲလင်းပွင့်ကောင်းကင်မှာ..
ဟာ…..
လှလိုက်တဲ့ သက်တံကြီးတစင်း
စီးဆင်းနေတာတွေ့တယ်။
ရုတ်တရက်ပဲ
ငါ… ကြေကွဲခဲ့ရပေါ့
ဘ၀ဆိုတာ သက်တံလိုပါလား… ။
ရှိတော့ရှိပါရဲ့
ဒါပေမဲ့
အရှိမဲ့ … ။ ၊

ထူးအိမ်သင်

“ဒီကျောင်း”

ဒီကျောင်း
စာသင်ကျောင်းဆိုတာ
ထာဝရအလင်းကိုဆောင်တယ်
မှောင်နေတဲ့နေ့တွေရှိသလို
လင်းခဲ့ရတဲ့ညတွေလည်းရှိ
ဒီကျောင်း
ကြံပန်းခိုင်လေး နှစ်ယောက်အတူစား
ရေခဲချောင်းတချောင်းကို နှစ်ယောက်အတူစုပ်
ဖြူစင်တဲ့မေတ္တာရိပ်နဲ့ အေးမြခဲ့
ဒီကျောင်း
ရည်းစားဦးရှိခဲ့သလို
အသည်းလည်းကွဲခဲ့တဲ့
ဒီကျောင်း
ဒီကျောင်းဟာ ဖူးစာရေးနတ်ဖြစ်သလို
ဒီကျောင်းဟာ အလွမ်းဒဏ်ရာတွေနဲ့
သွေးမတိတ်နိုင်တဲ့ကျောင်း
ဒီကျောင်း
စက်ဘီးတစီးတည်းကို
တယောက်တလှည့်စီးပြီး
ရည်မှန်းချက်ကြီးကြီးတွေကို
ဖူးပွင့်စေတဲ့ စာသင်ခန်းနဲ့ကျောင်း
ဒီကျောင်း
ဒီကျောင်းက ဗိုလ်ချုပ်ကြီးတွေ ထွက်သလို
ဒီမိုကရေစီတော်လှန်ရေး
ကျောင်းသား သူရဲကောင်းတွေ ထွက်ခဲ့
ဒီကျောင်းက ဆရာဝန်၊ ပါမောက္ခတွေထွက်သလို
ဘွဲ့ရ၊ ချဲရောင်းနေသူတွေ ထွက်ခဲ့
ဒီကျောင်း
ဒီကျောင်းက ဘာသာလူမျိုးမခွဲဘဲ
ပညာဖြန့်ဝေမယ် ဆိုတဲ့ကျောင်း
ဒီကျောင်း
ဒီကျောင်းကို ခုတုံးလုပ်အသုံးချ
အမြတ်ထုတ် မေ့ထားကြပေမယ့်
ဒီကျောင်းက အပြုံးမပျက်
မေတ္တာတံခါးဖွင့်ပြီး အမြဲကြိုတယ်
ဒီကျောင်း
ဒီကျောင်းဟာ ဝေလည်းမွှေး
ကြွေလည်းမွှေးတဲ့ ပကတိပန်းတွေလို
အိုလေလှလေ လှတဲ့ ဆရာ၊ ဆရာမတွေရဲ့
အနာဂတ်အိပ်မက်တွေ
သိုလှောင်ထားတဲ့ နေရာဖြစ်တယ်။
ဒီကျောင်း
ဒီကျောင်းဟာ နွေကျောင်းပိတ် ပေမယ့်
သတိရခြင်း တံခါးကို အမြဲဖွင့်ထားပြီး
ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ
အသစ် အဟောင်း အေးမြတဲ့ မေတ္တာရိပ်နဲ့
ရင်ဖွင့်ကြိုနေမယ့်ကျောင်း
ဒီကျောင်း
ဒီကျောင်းဟာ ပွင့်လင်းမြင်သာမှု
အားနည်းနေသေးပေမယ့်
အုပ်ချုပ်သူတွေရဲ့ ပညာရေးပေါ်လစီ
အမှားတွေကို ဖယ်ပြီး
ဒီမိုကရေစီ ပညာရေးကို
ချီတက်မယ့်ကျောင်း
ဒီကျောင်း
ဒီကျောင်းကို တနှစ်တခါ
သတိရနေတာထက်
တသက်လုံး သတိရနေရမယ့် ကျောင်း
ဒီကျောင်း
အားလုံးအတွက် ကျောင်း
ဒီကျောင်း။     ။


စောဝေ

Wednesday, January 28, 2015

ချောင်းကြည့်ပေါက်များ

သူ့အလို...
အထက်အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ

(၁)
"စကားလုံးများ" ဟာ "အတု" ဖြစ်ပြီး
"စိတ်" သည် "အစစ်အမှန်" ဖြစ်တယ်...တဲ့။
(၂)
"ခြေထောက်တွေ" ဟာ "လမ်း" ဖြစ်ပြီး
"ငါ" သည် "ခရီးဆုံး" ဖြစ်တယ်...တဲ့။
(၃)
ဆိုတော့ကာ...
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီစကားလုံး တင်းကြမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ... တဲ့
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒီ ငါကဖြင့်...တဲ့
အင်း
ပျင်းတယ်....ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ...
.......။

ရဲသင်ရန် (ထူးအိမ်သင်)
၂၀ဝ၂၊ အောက်တိုဘာ၊ ပန်မဂ္ဂဇင်း

Peepholes

in his wishes...
after above-mentioned reasons
so are the thoughts
(1)
'words' are false and
'mind' is 'real' so said...
(2)
'feet' are 'paths' and
'self'' is 'the end journey' so said...
(3)
then so
with those very false feet
wearing those very words-filled paths
wearing and wearing and going that...
ever reach that very end journey?
ever might be that very real?
so tired of that very mind
'even that very self' said
yeah!
'boring' is the very burden
helplessly, unbearingly...
.........

icy (1-7-2009)

Sunday, January 25, 2015

... အသက်သည် အိမ်မက် ...

အိမ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။

 


သျှပ်မှူးကျော်

 


... အမေ ...

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။


သျှပ်မှူးကျော်