အဘိုးနဲ့အဘွားတို့
ပျိုးထားလို့သန်ရှင်။
ဖူးပွင့်နွယ်
အငုံအကင်းတွေနဲ့
ခူးချင့်ဖွယ် ထုံထုံသင်းပါဘိ
ဝင်းလဲ့စည်ပင်။
ဒို့ပိုင်တဲ့ မြေပေါ်တွင်
ဒို့မြင်ရ အလှဆန်း။
ဘိုးဘွားမွေ အထွတ်မြတ်
လွတ်လပ်တဲ့ပန်း။
အဖေနဲ့ အမေတို့
ကြိုးစားလို့ အားမာန်ချီ
ဘိုးအမွေ အဖေ့အတွက်
ဘွားအမွေ အမေ့လက်
ဆက်ခံခဲ့သည်။
ရှုမညောင်းပေဘု
ဥဒေါင်းငှက်က ဟန်ချီ
ဒို့ရွှေပြည် ရှုမဆုံး။
ကမ္ဘာအသိပေပေါ့
မြန်မာ၏အလံ ဂုဏ်ရည်လျှမ်းပါလို့
ဇာတိမာန် အံ့မခန်းအောင်
ပန်းရနံ့ ဖုံး။
အဖေ့သမီး အမေ့သား
မြေးမြစ်များ လက်ထက်တွင်...။
အလှတွေ နှစ်ဆတိုးစေဖို့
မြန်မာ့မြေ မြန်မာ့အကျိုးအတွက်
နိုးကြားစေချင်။
လွတ်လပ်ရေး ပန်းတစ်ပင်
လန်းရှင်စေဂုဏ်ထင်လင်း။
အနှစ်သာရ သာဓကဆင်
ဗိုလ်ရှုသဘင် ဆင်ယင်ကျင်း။
အလို...အို
ပြည်တစ်ဝန်းမှာဖြင့်
ကြည်လန်းစွာ သိန်သရေနှင့်
ထိန်ဝေစွာ ပီတိဖူးတယ်
ထူးတဲ့ ရှုခင်း။
မြင်းမူမောင်နိုင်မိုး
No comments:
Post a Comment