စာသင်ကျောင်းဆိုတာ
ထာဝရအလင်းကိုဆောင်တယ်
မှောင်နေတဲ့နေ့တွေရှိသလို
လင်းခဲ့ရတဲ့ညတွေလည်းရှိ
ဒီကျောင်း
ကြံပန်းခိုင်လေး နှစ်ယောက်အတူစား
ရေခဲချောင်းတချောင်းကို နှစ်ယောက်အတူစုပ်
ဖြူစင်တဲ့မေတ္တာရိပ်နဲ့ အေးမြခဲ့
ဒီကျောင်း
ရည်းစားဦးရှိခဲ့သလို
အသည်းလည်းကွဲခဲ့တဲ့
ဒီကျောင်း
ဒီကျောင်းဟာ ဖူးစာရေးနတ်ဖြစ်သလို
ဒီကျောင်းဟာ အလွမ်းဒဏ်ရာတွေနဲ့
သွေးမတိတ်နိုင်တဲ့ကျောင်း
ဒီကျောင်း
စက်ဘီးတစီးတည်းကို
တယောက်တလှည့်စီးပြီး
ရည်မှန်းချက်ကြီးကြီးတွေကို
ဖူးပွင့်စေတဲ့ စာသင်ခန်းနဲ့ကျောင်း
ဒီကျောင်း
ဒီကျောင်းက ဗိုလ်ချုပ်ကြီးတွေ ထွက်သလို
ဒီမိုကရေစီတော်လှန်ရေး
ကျောင်းသား သူရဲကောင်းတွေ ထွက်ခဲ့
ဒီကျောင်းက ဆရာဝန်၊ ပါမောက္ခတွေထွက်သလို
ဘွဲ့ရ၊ ချဲရောင်းနေသူတွေ ထွက်ခဲ့
ဒီကျောင်း
ဒီကျောင်းက ဘာသာလူမျိုးမခွဲဘဲ
ပညာဖြန့်ဝေမယ် ဆိုတဲ့ကျောင်း
ဒီကျောင်း
ဒီကျောင်းကို ခုတုံးလုပ်အသုံးချ
အမြတ်ထုတ် မေ့ထားကြပေမယ့်
ဒီကျောင်းက အပြုံးမပျက်
မေတ္တာတံခါးဖွင့်ပြီး အမြဲကြိုတယ်
ဒီကျောင်း
ဒီကျောင်းဟာ ဝေလည်းမွှေး
ကြွေလည်းမွှေးတဲ့ ပကတိပန်းတွေလို
အိုလေလှလေ လှတဲ့ ဆရာ၊ ဆရာမတွေရဲ့
အနာဂတ်အိပ်မက်တွေ
သိုလှောင်ထားတဲ့ နေရာဖြစ်တယ်။
ဒီကျောင်း
ဒီကျောင်းဟာ နွေကျောင်းပိတ် ပေမယ့်
သတိရခြင်း တံခါးကို အမြဲဖွင့်ထားပြီး
ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ
အသစ် အဟောင်း အေးမြတဲ့ မေတ္တာရိပ်နဲ့
ရင်ဖွင့်ကြိုနေမယ့်ကျောင်း
ဒီကျောင်း
ဒီကျောင်းဟာ ပွင့်လင်းမြင်သာမှု
အားနည်းနေသေးပေမယ့်
အုပ်ချုပ်သူတွေရဲ့ ပညာရေးပေါ်လစီ
အမှားတွေကို ဖယ်ပြီး
ဒီမိုကရေစီ ပညာရေးကို
ချီတက်မယ့်ကျောင်း
ဒီကျောင်း
ဒီကျောင်းကို တနှစ်တခါ
သတိရနေတာထက်
တသက်လုံး သတိရနေရမယ့် ကျောင်း
ဒီကျောင်း
အားလုံးအတွက် ကျောင်း
ဒီကျောင်း။ ။
စောဝေ
No comments:
Post a Comment