Sunday, January 4, 2015

အိပ်မက်ဆိုးရဲ့ အဆုံးမှာ

ပြည်ထောင်စု နိုင်ငံတော်
ဘာမှ မစရသေးခင်
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်
အတ္တစွဲ ဆန္ဒတွေက
နိုင်ငံလို့ သမုတ်လိုက်ကြတယ်…..။
ပြည်သူတွေဆို
အရောင်ပြည် ပန်းချီကားလို
တောင့်တမှုတွေနဲ့
ဒီလို ဆင်းရဲတွင်းနက်ထဲ
ဝမ်းနည်းစရာက အသားမာတက်နေဆဲ…..။
စစ်ဆိုတာ
လူငယ်တွေ သေကျေပြီး
လူကြီးတွေလေကန်ကြတဲ့ စကားဝိုင်း
ပုံရိပ်တွေ ထင်ဟပ်လာတိုင်း
သက်ပြင်းများ ကခုန်နေကြ…..။
ဟိုး ဟိုးအရှေ့က
အလင်းရောင်ကို ခြယ်မှုန်းရင်း
ဘ၀ကို ဆင်ခြင်
အနောက်ဘက်ကို တစ်ခါတစ်ခါ
လည်ပြန်ကြည့်မိရင်း
အတိတ်ဆိုတာကို
သေတ္တာထဲမှာ သော့ခတ်ခဲ့ပါရစေ…..။
အခါခါ အလီလီ ဆုတောင်းပါရစေ
နှစ်ခြောက်ဆယ်အတွင်း
အိမ်ဆိုတာ မမြင်ခဲ့ရဖူးလို့
ဝါဒတွေ မဖြန့်ကြပါနဲ့
ရင်ဘတ်တွေကို စည်းမတားကြပါနဲ့
ညီညွတ်နေတာမြင်ရင်
တိုင်းရင်းသားမပြောနဲ့
သုဘရာဇာတောင် ပီတိဖြာနေတာမျိုး
တစ်နေ့တော့ ရောက်ပါရစေ
အိပ်မက်ဆိုးရဲ့ အဆုံးမှာ
ဘင်ခရာသံစုံတီးဝိုင်းနဲ့
ပြည်ထောင်စု နိုင်ငံတော်သီချင်းကို
နေရာတိုင်း နေရာတိုင်းမှာ သီဆိုလို့…..။          
 
နေဝေး

No comments:

Post a Comment