Friday, February 20, 2015

ရန်ကုန်မြို့သေဆုံးခြင်း

ကျုပ်လေ….. တစ်ခါတစ်ခါတော့…..
ရင်နာစရာကောင်းလှတဲ့…..
ရန်ကုန်မြို့ကြီးကို….. သေဆုံးကြည့်မိတယ်…..
ကြည်စမ်းပါဦးဗျာ…..
ဆောင်းနွေမှာဖြင်ဆူပြီး…..ဖုန်ထူထူထနေတဲ့မြို့…..
မိုးတွင်းမှာ ရေကြီးပြီး….. လှေစီနေရတဲ့မြို့…..
ဓာတ်ကြိုးကြီးတွေမိုးထားပြီး…. အလင်းတွေအခိုးခံထားရတဲ့မြို့…..
မြေအောက်ကဂက်စ်တွေထွက်ပြီး…… မီးပျက်နေတဲ့မြို့…..
ကားတန်းကြီးတွေရစ်ပတ်လို့….. အသက်ရှူကျပ်နေတဲ့မြို့…..
ဒီလိုပါပဲ…..
ကားမစီးဘဲလမ်းလျှောက်ရင်တောင်….. ခရီးရောက်နိုင်တဲ့မြို့……
လမ်းလား၊ ဈေးတန်းကြီးလား……မကွဲပြားတဲ့…..မြို့
သွားချိန်ပြန်ချိန်တွေက….. အလုပ်ချိန်ထက် ကြာတဲ့…..မြို့
အလုပ်ရှင် အလုပ်သမားကြားမှာ….. အချိန်တွေသားနေတဲ့…..မြို့
ဒဏ်ရာတွေဗရပွနဲ့….. အောက်ခြေမှာ ခြစားနေတဲ့….. မြို့
ရေတစ်ပေါက်ရဖို့အတွက်….. သေမလောက်စောင့်ရတဲ့….. မြို့
စရိုက်တွေနဲ့ သွေးပျက်ပြီး….. အမှိုက်တွေနဲ့ အေးစက်နေတဲ့…..မြို့
နှစ်ချို့ခြတောင်ပို့ကြီးအောက်က…… ရေဘူးပေါက်နေတဲ့…..မြို့
ဒီလောက်တောင် ဒဏ်ရာတွေဗရပွနဲ့…..
အက်ကြောင်းထပ်နေတဲ့ မြို့ပျက်ကြီးဟာ…..
မကြာခင်…..
အသက်ရှူရပ်သွားတော့မယ် ထင်ရဲ့…..။

သက်မင်းဂျူလိုင်

ပဉ္စလက်လမ်း

မျှော်ကြည့်ရ
ပျပျဝေးဝေး မှုန်ရေးရေး။
အလျင်စလို
ရင်ဖိုမှန်းဆ၊ ရောက်လိုလှလည်း
ခဏလေးနဲ့ မဖြစ်နိုင်။
ဘယ်လောက်များ
ရှည်လျားနေမယ်၊ သိခက်တယ်လေ
လွယ်လွယ်လေးနဲ့တော့ ခရီးမဆုံး။
မျက်လှည့်ဆရာ
လိမ်ညာလှည့်ဖြား၊ ရေမြေခြားစေ
သွားရင်းနဲ့သာ၊ အလုပ်မကွာ။
မှောဆရာတွေ
မာယာစုံစွာ၊ ၀င်္ကပါဖွဲ့
အလှည့်အပတ်၊ အကွေ့ထပ်ပြီး
လက်ယပ်ခေါ်ကာ၊ လမ်းပြောင်းမှာလား။
တို့စိုးရိမ်ရဲ့
ကြောင်လိမ်လှေကား၊ တက်သွားလို့မှ
တံခါးဆီးပိတ်၊ အရိပ်မမြင်
ဟန်ဆောင်ဆင်ကွက်၊ ပဉ္စလက်နဲ့
အရှက်ကမ်းကုန်၊ ခေါင်းမြီးခြုံလို့
မိုက်ပုံတစ်မျိုး၊ ဆန်းဦးမလား။    

တိုးဝေ

အိမ်

အိတ်ပခြုပ်နေ
အတိပ်ထုတ်မြွေလို။
အလှောင်ခံမျိုး
တောင်ပံကျိုး ငှက်လို။
တစ်စတစ်စ ကျွေးထားတဲ့
အလှမွေး ငါးလို။
အထိန်းခံဘ၀နဲ့
ဟိန်းဟန်မရတဲ့ ကျားလို။
အနေခက် ကျားနဲ့
မြွေ ငှက် ငါးတို့ ဇိမ်ကျလည်း
အိမ်အလှပဲလို့ ဘယ်တော့မှမမြင်။
ငှက်ကကောင်းကင်
ချောင်းအယဉ်မှာ ငါး
ကျားကတော့ တောနေမှပျော်
မြွေကတော့ တွင်းမှာဇိမ်ခတ်
အိမ်မှတ်တတ်တာ သဘာဝ။

မိုးကျော်စိုး (မကွေး)

လောင်းရိပ်

ပင်အသက် ငယ်နုလို့
တမင်မျက်ကွယ် မပြုဝံ့သလား
ပင်ထက်ထိနွယ်
တွယ်ရာခင် အရိပ်မိုး
နေမထိုး အလင်းကွယ်လို့
ပင်အရိုးရိုး သွယ်သွယ်
အရွက်ငယ် တွန့်လိမ်ကောက်
မဖြစ်မြောက် ဗီဇဆိုး
ရိုးမြေကို အပြစ်ဖွဲ့မလား
ဆိုးရေကို အသစ်လှည့်မလား
အကျိုးဖွေ အဖြေရှာတော့
ပင်အိုဟောင်း ရွက်ထပ်ခွေ
အလင်းငတ်နေ ပင်ပျိုနု
လျင် အခု မကြာလိုတော့
အရင် အခု နောင် အရှည်တွေးလို့
ပင်အိုဟောင်း ကိုင်းအခက်နွှာ
လင်းလက်ဖြာ အမှောင်ခွင်းစေရင်း
အဲဒီ……
လောင်းရိပ်ကို ရှင်း။

မင်းထွန်းမင်း

Thursday, February 19, 2015

တန်ခိုးပျောက်ချိန်

ပန်းဖူးသဖွယ်၊ ကလေး ငယ်လျှင်
ရယ်ကာ ရွှင်ကာ၊ မြင်ရာရာကို
ဘာသာ အလျောက်၊ မြူးခုန်ပေါက်လျက်
ဝမ်းမြောက် လွတ်လပ် လှပါ၏။
ပန်းပွင့် သဖွယ်၊ ပျိုမျစ် ရွယ်လျှင်
ရယ်ကာ ရွှင်ကာ၊ နေချင်ပါလည်း
သင့်ပါ၏လော၊ မသင့်လောဟု
တွေးတော ဆင်ခြင်၊ ဣနြေ္ဒ ၀င်လျက်
ဟန်မှင် သတ်၍… ရွှင်တတ်ဘိ။
ပန်းကြွေ ပမာ၊ ရွယ်ဇရာမူ
ခန္ဓာလည်းရင့်၊ စိတ်လည်းရင့်၍
မသင့်အမှု၊ သင့်အမှုကို
တွေးရှုဆင်ခြင်၊ သတိဝင်လည်း
ရယ်ချင်စိတ်ကင်း၊ ရယ်ဖွယ်ကင်းကာ
မြင်ကွင်းလည်းခြောက်
တန်ခိုးပျောက်သည်
စိတ်မြောက် ကိုယ်မြောက် မရှိပြီ ။

 
တင်မိုး