Sunday, February 15, 2015

အရောင်မဲ့ပန်းချီကားကို ဖတ်ရှုခြင်း

စကားအဖြစ်နဲ့ ပြောတာပဲ
ဒါပေမယ့်
ဆီးစေ့ဟာ မြင်းမိုရ်တောင်ဖြစ်လိုဖြစ်
နွားခြေရာခွက်ဟာ စကြာဝဠာဖြစ်လိုဖြစ်
သမိုင်းရဲ့အမှန်ဖြစ်မှုကို ကျောက်စာရေးထိုးရင်
ဒေါက်တာသန်းထွန်း ငိုလောက်တယ်
ကာလလှည်းဘီးကြီး တစ်ပတ်လည်တဲ့အခါ။
သူရဲကောင်းဆိုသူတွေဟာ
လူစုတ်လူပေတွေဖြစ်
လူစုတ်လူပေတွေက သူရဲကောင်းတွေဖြစ်
စနစ်က သားကောင်လား
စနစ်က သားရဲလား
ကားလမတ်နဲ့ အဒမ်စမစ်တို့ငိုလောက်တယ်။
ဘာကြောင့်ပဲမေးမေး
ဘယ်သူတွေကပဲပြောပြော
ခေတ်ဆိုတဲ့ ရွှံ့နွံစီးကြောင်းထဲမှာ
စီးမျောလိုက်ပါရင်း
ဗေဒါပင်လည်းမဟုတ်
အုန်းလက်လည်းမဟုတ်
ဘဲအုပ်လည်းမဟုတ်
ပန်းပန်သူတွေက ပန်းပန်
နန်းဆန်သူတွေက နန်းဆန်
လက်သီးလက်မောင်းတွေဆန့်တန်းရင်း
လျှောမွေးစကားတွေ ကြွေးကြော်ရင်း
လူထုရဲ့ အသည်းနှလုံးတွေက
ပုလဲသီတကွဲစီဖြစ်။

ညောင်ခါးရှည်မှိုင်းဝေ

No comments:

Post a Comment