Sunday, February 15, 2015

ဆက်ဆက်လာပါ သူငယ်ချင်း

နှစ်ပေါင်းများစွာ၊ ကြာတောင့်ကြာလည်း
တိုးမှာမမေ့၊မနေ့ကလား
ယနေ့လားပင်၊ စိတ်မှာထင်ခဲ့။
ဤကျောင်းကြီးတွင်၊ တို့ငယ်စဉ်က
တူယှဉ်ပျော်မွေ့၊ စိတ်ချမ်းမြေ့စွာ
ပညာရှာကြ၊ ခုခါတစ်ယောက်
တစ်နယ်ရောက်ပြီး
တစ်ယောက်ကမြင့်၊ တစ်ယောက်သင့်ရုံ
များဖျင့်တို့တွေ၊ နွမ်းပါးနေကြ
အခြေနိမ့်မြင့်၊ ရှိနေမင့်လည်း
ငယ်ကျင့်ငယ်မူ၊ မငြူစူဘဲ
ဆိုဆဲတိုင်းထွာ၊ ကြားချင်တာကြောင့်
လာသာလာပါ သူငယ်ချင်း။
ဆရာလည်းအို၊ တပည့်အိုလည်း
နုပျိုစိတ်ထား၊ နှလုံးသားဖြင့်
တို့များပြန်တွေ့၊ ငယ်ဓလေ့ကို
မမေ့စတမ်း၊ ၀မ်းပန်းတသာ
မြတ်ဆရာ၏
ၾကည္သာရႊင္ပ်၊ ဆိုဆံုးမကို
ကြားရနာရ၊ နားစိုက်ရအောင်
ဆက်ဆက်လာပါ သူငယ်ချင်း။
မန်လည်အကျော်၊ ဆရာတော်က
ဟောဖော်မိန့်လာ၊ မြတ်ဆရာအား
“နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က ဆုံးမတတ်သူ
ဆရာဟူ၏”…..
အတူတကွ၊ ကန်တော့ရအောင်
ဆက်ဆက်လာပါ သူငယ်ချင်း။
သူငယ်ချင်း
မင်းလည်းအိုပြီ၊ ငါအိုပြီတည့်
နောင်ဆို ငါတို့၊ ဆုံတွေ့ဖို့ရာ
မသေချာတော့
ဆရာများစွာ၊ ကြွေလွင့်ရှာပြီ
တပည့်များစွာ၊ ကြွေလွင့်ရှာပြီ
တို့မှာ ကြွေရက်၊ စောင့်ကြိုလျက်မို့
ဒီရက်၊ ဒီနေ့ ဆုံတွေ့ရအောင်
ဆက်ဆက်လာပါ သူငယ်ချင်း။
သူငယ်ချင်းရေ
ဒီရေ ဒီအချိန်၊ လောကအိမ်၌
တစ်ကြိမ်တွေ့ခါ၊ နောက်မလာတော့
ဇရာနှိပ်စက်၊ အသက်လည်းကြီး
ခရီးလည်းညောင်း၊ မင်းအကြောင်းကို
ပြန်ပြောင်းတသသ၊ သတိရလို့
ပြေကြဆိုကြ၊ တွေ့တိုင်းပတည့်
ရွှင်ပြကြည်သာ၊ မင်းမျက်နှာနှင့်
သာယာညိုးညံ၊ မင်းအသံကို
မြင်လိုကြားလို၊ တို့တွေလိုလို့
စောင့်ကြိုပါတယ် သူငယ်ချင်း။
ကဲ သူငယ်ချင်း
မင်းရဲ့ဆရာ၊ ငါ့ဆရာတည့်
မင်းနေတဲ့ကျောင်း၊ ငါ၏ကျောင်းတည့်
ဒီကျောင်း ဒီဆရာ၊ ဒီနေရာ၌
ဆယ်ဖြာလက်စုံ၊ ဖူးယှက်ငုံကာ
အာရုံညွတ်ကြွ၊ ကန်တော့ရအောင်
ဆက်ဆက်လာပါ သူငယ်ချင်း။

ဌေးကြည်
(ဆရာကန်တော့ပွဲများ အားလုံးသို့)

No comments:

Post a Comment