Sunday, September 28, 2014

ငြိမ်းချမ်းရေး

ငါမျှော်နေတယ်
ဘယ်သူ့ကိုလဲကွယ့်။
သူစောင့်နေတယ်
မည်သူ့ကိုလဲကွယ့်။
အားလုံးကြိုနေတယ်
ဘယ်သူ့ကိုလဲကွယ့်။
ငါကြိုနေတယ်
ဘယ်သူ့ကိုလဲကွယ့်။
ငါမျှော်နေ
သူစောင့်နေ
အားလုံးကြိုနေ
သူဟာမလာနိုင်ပါကလား။
သူဟာမလာသေးပါကလား။
သူဟာမပေါ်လာသေးပါကလား။
နွေနွေ
မိုးမိုး
ဆောင်းဆောင်း
ပြောင်းခဲ့ပါပြီ
ဟောင်းခဲ့ပါပြီ
ပြောင်းပြီးရင်း ပြောင်းခဲ့ပါပြီ။
ငါအချည်းနှီး
မျှော်နေတာလား။
သူအချည်းနှီး
စောင့်နေတာလား။
အားလုံး အချည်းနှီး
ကြိုနေတာလား။
သူဟာမည်သူလဲ
သူဟာဘယ်သူလဲ
ကဲ…ပြောပါရစေတော့
ငြိမ်းချမ်းရေး…..
ငြိမ်းချမ်းရေး…..
ငြိမ်းချမ်းရေး…..

မောင်ကြည်မွန်

နှင်းဆီတမ်းချင်း

နေခြည်လင်းချိန်၊ ပန်းသင်းချိန်မှာ
ဦးနှိမ်မာန်လျှော့၊ ကန်တော့ပါသည်
အို….နှင်းဆီ။
ဖူးစ ငုံစ၊ ကြုံဆုံခဲ့ရ
သဘာဝဒဏ်၊ လောကဒဏ်များ
အလျဉ်းမကြောက်
အောက်ကျို့မာန်ချ၊ ဦးမခဘဲ
သတ္တိရှိစွာ၊ ရင်ဆိုင်လာသည်
အို…..နှင်းဆီ။
ပွင့်လန်းမွှေးမြ၊ ဘ၀တဆစ်
ပျိုမျစ်သင်းထုံ၊ အလှဂုဏ်မြင့်
အားမာန်ဝင့်ချိန်၊ လန်းစွင့်ချိန်မှာ
သဘာဝဒဏ်၊ လောကဒဏ်ကို
တုန့်ပြန်ရန်တွက်၊ ဆူလက်နက်များ
ကိုယ်ထက်တပ်ဆင်၊ ခံစစ်ပြင်သည်
အို…..နှင်းဆီ။
ပန်းဘ၀၏၊ အစ အဆုံး
တကိုယ်လုံမှာ၊ အုပ်ဖုံးဆင်မြန်း
လျှမ်းလျှမ်းတောက်နီ၊ ပုစွန်ဆီသွေး
ရဲစွေးစွေးနှင့်၊ အလှဝင့်သည်
အို…..နှင်းဆီ။
နှင်းဆီပွင့်မှ၊ ရခဲ့အသိ
ရှိခဲ့အားအင်၊ ၀င်ခဲ့သတ္တိ
ပြည့်ခဲ့စွမ်းရည်၊ နီခဲ့သွေးများ
မွေးဖွားနိုးထ၊ ဘ၀တခု
ယုံကြည်မှုဖြင့်၊ ပြုစုဖန်တီး
အချစ်ကြီးသည်၊ အို…..နှင်းဆီ။

မြင့်ဦးဦးမြင့်

Saturday, September 27, 2014

ဘတ်(စ်)ကားခရီးသည်

ဖိနပ်တွေအရည်ပျော်သွားသလိုပဲ
ကိုယ်တစ်ခြမ်းပူ၊ ကိုယ်တစ်ခြမ်းချွေးတွေသွန်
လောကငရဲက ဘတ်(စ်)ကားစီးရင်း အမောဖောက်
ကားတွေကျပ်၊ စိတ်တွေကျပ်
ရုံးဆင်း၊ ရုံးတက်။
ဒီဇာတ်မှာ လေမ၀ဘူး (လုရှူနေရတယ်)
ဒီဇာတ်မှာ လှုပ်မရဘူး (လူထင်းစည်းကြီးလို)
“ခရီးမြန်မြန်ရောက်ပါစေ….”
“ခုံးကျော်တံတားလည်း အဆင်မပြေဘူး”
“လမ်းနဲ့ကားမှ မမျှတာ”
သည်းခံခြင်းတရားကို ဘတ်(စ်)ကားပေါ်အပြည့်တင်လိုက်
ခြေထောက်အနင်းခံရလည်းနားလည်ပေး
ဘရိတ်ဒဏ်ကြောင့်ယိုင်သွားလည်းနားလည်ပေး
ဝိတ်နဲ့တိုးတိုက်မိလည်း သည်းခံ
သည်းခံ၊ နားလည်
နားလည်၊ သည်းခံ
ဘာဖြစ်ဖြစ် ကားမပျက်တာဘဲကျေးဇူးတင်ဦး
ရောက်လိုတဲ့မှတ်တိုင်က သိပ်မဝေးတော့ဘူးမိတ်ဆွေ
ခင်ဗျားဆင်းခွင့်ရရင် ဒါ…..နတ်ပြည်ရောက်တာပဲ
အရသာထူးရှယ်။        

စေပိုင်ထွဋ်

စမ်းတဝါးဝါး

ဝေတော့ဝေနေတာပဲ
နှင်းလား
မြူလား
တိမ်လား
ရှာတော့ ရှာနေတာပဲ
ရာထူးလား
စည်းစိမ်လား
ငွေကြေးလား
ပြန်တော့ပြန်နေတာပဲ
အိမ်ကိုလား
ဘဝထဲကိုလား
သံသရာထဲကိုလား


မင်းအုပ်စိုး

Friday, September 26, 2014

လွမ်းလို့မဆုံး ရွှေကြိမ်လုံး

ဆရာ့ထံပါး
မြဲခစား၍
ဒို့များစာပေ
သင်လေတုန်းက
တဖုန်းဖုန်းရိုက်
ကြိမ်လုံးမိုက်ကို
အူလှိုက်သဲလှိုက်
မုန်းမိတယ်။

ဆရာနှင့်ဝေး
ကြိမ်လေးနှင့်ကွာ
လူ့ရွာလူ့မြေ
ကိုယ့်ခြေကိုယ်ရပ်
ကိုယ့်ဇာတ်ကိုယ်ခင်း
ကိုယ့်မင်းကိုယ်လုပ်
ကိုယ်အုပ်ချုပ်မှ
ကြီးလှမေတ္တာ
မြတ်ဆရာနှင့်
ဆရာ့လက်သုံး
ရွှေကြိမ်လုံးကို
မဆုံးနေ့ရက်
လွမ်းမိတယ် . . . ။ ။

ကိုရင်ရွှေဗျိုင်း