Friday, September 12, 2014

“ခေါင်းမော့ရင်ကော့ စီးဆင်းပေဦးတော့ဧရာဝတီ”

နိုင်းမြစ်၊ အမေဇုန်၊ မစ္စစ္စပီ
ယန်စီ၊ သံလွင်၊ ဂင်္ဂါ
ဘော်လဂါ၊ မဲခေါင်၊ မြစ်ဝါ
နစ်ဂါမြစ်၊ ကွန်ဂို
ဧရာဝတီ၊ ရိုင်းမြစ်
လူတို့ရဲ့ အသက်ဝိညာဉ်တွေပဲ
လူ့ယဉ်ကျေးမှုအစ
မြစ်ဝှမ်းဒေသက။

ဧရာဝတီ... ဧရာဝတီ… ဧရာဝတီ
နှစ်ပေါင်းနှစ်ထောင်ကျော်၊ ရာစုအသီးသီး
တဒီးဒီးဆင်း စွမ်းအင်၊ ခွန်အား ကြီးမား
သင်ဟာ… သတ္တိအသိန်းအသောင်း
လူစွမ်းကောင်းပဲ။

ဒုတိယအင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်စစ်
တတိယအင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်စစ်အစ
ဖက်ဆစ်တော်လှန်ရေးအလယ်
စစ်အာဏာရှင်စံနစ် ဖျက်သိမ်းရေး
ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး
အဖိနှိပ်ခံလယ်သမား၊ လယ်ကူလီနင်းပြား
အလုပ်သမားလွပ်မြောက်ရေးအဆုံး
သင်… တစ်လျှောက်လုံးပါဝင်ခဲ့
စွမ်းအင်ခွန်အား ကြီးမား၊ သတ္တိအသိန်းအသောင်း
သင်… သူရဲကောင်းပဲ။

သင်ထမ်းရွက်
သမိုင်းခရီးစဉ် အဆက်ဆက်
ရှင်သန်ခြင်း၊ ဖွံ့ဖြိုးခြင်း
ခေါင်းငုံ့မခံတော်လှန်ခြင်း
လှပခြင်း ကျက်သရေဆောင်
ဂုဏ်ရောင်ထွန်းပြောင်မြဲ။
ဖြစ်ချောင်းပေါင်းစုံစီးဝင်
သင့်ရင်ခေါင်းထဲ ၀မ်းဗိုက်ထဲ
စီးဆင်းမြဲရေ၊ မြစ်ရေ။

အသက်သွေးတွေ၊ သွေးနီတွေ
တိုင်းပြည်ရဲ့ ခန္တာကိုယ်ထဲ
တရဲရဲ ယှက်ဖြာလှည့်ပတ်
အသက်ဓာတ်ပေါ့။

ကိုယ်ကျိုးကြည့်ဝါဒီများ
ပြည်ပ သွေးစုတ်ဖုတ်ကောင်များ
အာဏာပါးကွက်သားများ
ဧရာဝတီ အသင်ရဲ့
လှပမြစ်သွေးရည်
အလီလီအလာလာ အမြတ်ထုတ်
ရောင်းကုန်လုပ်ဖို့ အားထုတ်နေကြဖို့။

ဧရာဝတီဆိုတာ ငါတို့အသက်
ယဉ်ကျေးမှုအသက်ဝိညာဉ်
ငါတို့ဘ၀၊ ငါတို့ အလှပဲဟေ့။
ခါးကိုင်း၊ နားထိုင်း၊ သွားကျိုး
မြစ်အဖိုးအိုဖြစ်လာစေဦး
လူထုတစ်ရပ်လုံး
သင့်ကိုပြန်လည် ပျိမြစ်သန်စွမ်းစေဖို့
သင့်ကျန်းမာရေးအတွက်
အသက်ပေးကာကွယ် စောင့်ရှောက်ဖို့
ငါတို့ အဓိဋ္ဌာန်ပြုကြစို့။

ချစ်သောဧရာဝတီ
သင်ဟာ ငါတို့အသည်းနှလုံး
မြတ်နိုးလူထုရင်ခွင်ထဲ
ခေါင်းမော့ ရင်ကော့
စီးဆင်းမြဲ စီးဆင်းပေဦးတော့။
နှစ်များကြာရှည် စီးဆင်းစေ
သမိုင်းဂုဏ်ရောင်
ဆက်လက်ထွန်းပြောင်စေသတည်း။ ။

( မောင်စိုးချိန် )

No comments:

Post a Comment