နေခြည်လင်းချိန်၊
ပန်းသင်းချိန်မှာ
ဦးနှိမ်မာန်လျှော့၊
ကန်တော့ပါသည်
အို….နှင်းဆီ။
ဖူးစ ငုံစ၊
ကြုံဆုံခဲ့ရ
သဘာဝဒဏ်၊
လောကဒဏ်များ
အလျဉ်းမကြောက်
အောက်ကျို့မာန်ချ၊
ဦးမခဘဲ
သတ္တိရှိစွာ၊
ရင်ဆိုင်လာသည်
အို…..နှင်းဆီ။
ပွင့်လန်းမွှေးမြ၊
ဘ၀တဆစ်
ပျိုမျစ်သင်းထုံ၊
အလှဂုဏ်မြင့်
အားမာန်ဝင့်ချိန်၊
လန်းစွင့်ချိန်မှာ
သဘာဝဒဏ်၊
လောကဒဏ်ကို
တုန့်ပြန်ရန်တွက်၊
ဆူလက်နက်များ
ကိုယ်ထက်တပ်ဆင်၊
ခံစစ်ပြင်သည်
အို…..နှင်းဆီ။
ပန်းဘ၀၏၊
အစ အဆုံး
တကိုယ်လုံမှာ၊
အုပ်ဖုံးဆင်မြန်း
လျှမ်းလျှမ်းတောက်နီ၊
ပုစွန်ဆီသွေး
ရဲစွေးစွေးနှင့်၊
အလှဝင့်သည်
အို…..နှင်းဆီ။
နှင်းဆီပွင့်မှ၊
ရခဲ့အသိ
ရှိခဲ့အားအင်၊
ဝင်ခဲ့သတ္တိ
ပြည့်ခဲ့စွမ်းရည်၊
နီခဲ့သွေးများ
မွေးဖွားနိုးထ၊
ဘ၀တခု
ယုံကြည်မှုဖြင့်၊
ပြုစုဖန်တီး
အချစ်ကြီးသည်၊
အို…..နှင်းဆီ။
မြင့်ဦးဦးမြင့်
No comments:
Post a Comment