Sunday, September 14, 2014

ပင်းတယ

အဆင်းလှသလို
အချင်းလည်း သိပ်လှတဲ့ မြို့ကလေးပေါ့ …

ခေါင်းမော့ကြည့်လိုက်ရင်
ဒီလို စိမ်းညို့နေတဲ့ ညောင်ပင်အကြီးကြီးတွေပေါ့ …
ခရမ်းလွန်ရောင်ခြည်နဲ့ နိုင်ငံခြားဖြစ် ဖဲထီးတွေကို စိန်ခေါ်ခဲ့တယ် …

မလှူတတ်ရင် ဈေးရောင်း ဆိုတဲ့ ဒီလိုချစ်စရာ့အတွေးပေါ့ …
တစ်ပွဲ ၂၀၀ တန် တို့ဟူးနွေးနဲ့
မိုးထိနေတဲ့ ကုန်ဈေးနှုန်းကို ရင်ဆိုင်အန်တုတယ် ...

ပြုသူအသစ် ဖြစ်သူအဟောင်း …
စိတ်ဝင်စားဖွယ် သမိုင်းကြောင်း ဒဏ္ဍာရီ
စီကာစဉ်ကာ ဒီလိုအလှတရားပေါ့ …

ရှင်မိယာနဲ့ ကုမ္မာဘယတို့ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာဟာ
ပုန်းတလုတ်ကန်ထဲမှာ ကြည်နူးဖွယ်ရာပြည့်လျှံနေဆဲ …

ဂူ ဘုရား ကျောင်း ကန်
မြို့တစ်မြို့ရဲ့ ကြန်အင်လက္ခဏာအဖုံဖုံနဲ့ပေါ့ ...
ဆေးရောင်စုံ နယ်ချဲ့မှုတွေကိုတော့ ကြံ့ကြံ့ခံရရှာတယ် …

သူဟာ …
တစ်ပတ်တစ်ခါ သောကြာနေ့တိုင်း ၀တ်မတက်ဘူး …
တနင်္ဂနွေရက်ရောက်တိုင်း ကျေးဇူးတော်ကို မအောက်မေ့ဘူး …
အနန္တောအနန္တငါးပါးကိုသာ အကြိမ်ကြိမ်ရည်စူးလို့
ကိုယ့်အတွက်ပါမယ့် တရားထူးကို နေ့စဉ်အာရုံပြုတယ် …

ရာထူးဂုဏ်ဒြပ် မခွဲခြား မသတ်မှတ်
အယုတ် အလတ် အမြတ်မရွေး
အသွေးအရောင် ဘာကိုမှမတွေးဘဲ
နွေဆို အေးပြီး … ဆောင်းဆို နွေးထွေးစေတဲ့
ဒီလိုတောင်ပေါ်အိမ်ကလေးပေါ့ …

တိမ်တွေကိုတောင် ထိနမ်းတော့မတတ်
ကြီးမားမြင့်မြတ်တဲ့ ဒီလိုသဒ္ဒါတရားပေါ့…
လေးစားလောက်စရာ ဧည့်ဝတ်ကျေပွန်မှုနဲ့
အဝေးကြီးကလာတဲ့ ခရီးသွားတွေကို ပျူငှာပြုစုတယ် …

ဒါပေမယ့် သူဟာ
မပူဆာတတ်တဲ့ ကလေးတစ်ယောက်ပေါ့ …
ရွယ်တူတွေကြားထဲ အခုထိ လူလားမမြောက်သေးဘူး …

တစ်မူးရှိလို့ တစ်ပဲလှူစိတ်ထားနဲ့
ပကာသနမဲ့တဲ့ဘ၀မှာ ဒီလိုနေသားတကျပေါ့ …
သူများနဲ့ယှဉ်ရင် ကိန်းဂဏန်းတွေမှာတော့ အနှုတ်လက္ခဏာပြလို့ …

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၈၀၀ ကျော်မှာ
ဒီလို လေသံဝဲ၀ဲလေးတွေ ပျော်ရွှင်သာယာတဲ့ဒေသ …
သူ့ရင်ခွင်ကို ခြေချမိရင် ပိုသိလိမ့်မပေါ့ …

သစ္စာတရားဟာ ခေါင်းမော့ကြည့်လေရာမှာ စိမ်းလန်းလို့ …
ငြိမ်းချမ်းခြင်းဟာ ရှုလေရာ တမျှော်တခေါ်မှာ လဲလျောင်းလို့ …

ကျွန်တော်တို့အားလုံးလိုက်ရှာနေတဲ့ အေးချမ်းမှုဟာ
သူ့ဆီမှာတော့ မွေးရာပါသင်္ကေတ …

သူ့နာမည်ကို ဒီလို ဖွဖွလေးရွတ်လိုက်တာနဲ့
သူရဲ့ ရိုးသားမှုတွေပါ ခင်ဗျားဆီကူးစက်လာမယ် …

တကယ်တော့ …
သူဟာ မြို့တစ်မြို့သက်သက်ဆိုတာထက်ကို
အများကြီးပိုနေခဲ့တာ တကယ် …


စိုးသူရ



No comments:

Post a Comment