သည်နေရာသို့
ငါလာခဲ့သည်၊
ငါတို့ပြည်။
ထမင်း ဆီဆမ်း၊
လက်ဖက်ကွမ်းနှင့်
ရေချမ်းတစ်ခွက်၊
ထန်းလျက်တစ်ခဲ
ထန်းရွက်တဲနှင့်
ပျိုးကြဲစရာ၊
လယ်ယာ တစ်ခင်း
ငါ့အားနှင်းသည်
မိဆင်းရဲမည်၊
ငါတို့ပြည်။
အမိ လက်ဆောင်၊ မပြောင်ရောင်လည်း
သားမောင်
ပီတိ၊ တိုင်းမသိ။
အမိ တိုင်းပြည်၊ ဆင်းရဲသည်ကြောင့်
မစည်မပင်၊
မရွှင် မလန်း
မျက်နှာနွမ်းကို
ရယ်သွမ်း
မသွေးရက်နိုင်ပါ။
အမိ တိုင်းပြည်၊ သက်တန်း ရှည်၍
ကြည်ကြည်
လင်လင်၊ လ၀န်းပြင်သို့
စည်ပင်
ထွန်းကား၊ ပါစေသားဟု
သနား ချစ်ကြင်၊
ကျေးဇူးမြင်၍
တင်ပေဖူးသည်
ကျေးဇူးတောင်ထု၊
ဆပ်လိုမှုကြောင့်
စုဆဲ ဆောင်းဆဲ၊
တခဲခဲ။
အမိရင်၌
မြပင်သိန်းသန်း၊
စိမ်းလန်းကြစေ။
ဟုတ်မှန်ကျန၊
ပုဒ်ပါဒတို့ 
နားကြ
ဝဲ၀ဲ၊ မြဲကြပါစေ။
အမိသွေး၌
လေးမြတ်ဖွယ်ရာ၊
ကရုဏာနှင့်
မေတ္တာ
စိတ်ဓာတ်၊ လှည့်ပတ်ကြစေ။
အမိ ဦးခေါင်း၊
စိုက်ဆောင်း
လွှင့်ထူ၊ သရဖူကို
မည်သူသည်မျှ၊
ချူ မရစေ။
ဆင်းရဲခြင်းနှင့်၊ မိတ်ရင်းမှန်ဘိ
အို
... အမိ။
အမိ၏ သား၊ ငါတို့ကားလျှင်
တရား စောင့်သိ၊
တို့ မွေးမိ၏
မွှေးတိကြိုင်ထုံ၊
မြတ်သောဂုဏ်ကို
အာရုံပြုကာ
နေမြဲကို။
စကားဖြောင့်မှန်၊ တွေး ကြံ စွမ်းရှိ
သမာဓိနှင့်၊
ဘူမိ ပမာ
သည်းခံစွာဟု
မြန်မာ
မိကောင်း၊ ဂုဏ်အပေါင်းကို
နှစ်ထောင်းကြည်ညိုနေမြဲကို။
အမိထံ၌
ဦးဆံဖြေခင်း၊
ပျပ်ဝပ်စင်းလျက်
မိမင်း
ကျေးဇူး၊ ဆပ်ပေးဦးအံ့။
ပန်းဖူးကြိုင်စွာ၊ လက်အုပ်ကြာဖြင့်
ငါ၏အစွမ်း၊
တစ်လက်ဆွမ်းကို
ဝမ်းမြောက်
ပျူ ငှာ၊ လက်ခံပါလော့
မြန်မာမိခင်၊
အို ... မိခင်။
တင်မိုး
No comments:
Post a Comment