Friday, October 31, 2014

သဝေထိုးင၀ဆွဲ မြွေ (ငွေ)



သူ့ကြောင့်ပဲ အကျင့်တွေပျက်ရ
သူ့ကြောင့်ပဲ ဒုက္ခတွေရောက်ရ
သူ့ကြောင့်ပဲ ဂုဏ်ဆိုတဲ့ဆောင်ပုဒ်ကို
ပခုံးမှာထမ်းရ
သူ့ကြောင့်ပဲ အခြေအမြစ်မရှိတဲ့ မာန်ဆိုတာတွေ လည်မှာဆွဲထားရ
လောက အလှဆင်သူတွေကို
သတ်လိုက်ကြတာ
မကုန်စင်တဲ့ လောဘတွေနဲ့ပေါ့။

မီးလောင်ရာလေပင့်သလို လောင်ကျွမ်းမယ့်
ထင်းဆိုက်ခံရမယ့် အတ္တတွေကြောင့်
မိသားစုတွေ ပြာလိုလွင့်ခဲ့ရ
အဖွဲ့အစည်းတွေ လိပ်ပြာလွင့်ခဲ့ရ
မျှော်လင့်ခြင်းဆိုတာတွေကို ချွေးသိပ်လိုက်နဲ့
ဘ၀အထွေထွေ ရေတိမ်မှာနစ်နေဦးမှာပဲ။
ကိုင်ကျင့်တရား ၀ါးမျိုးခံလိုက်ရခြင်းကို
အစာမချေနိုင်တဲ့ အသိတ်စိတ်က
အော်ဂလီဆန်နေတာ
သူ့ဘ၀မျက်နှာစာကို
ကျက်သရေမဲ့ တိရစ္ဆာန်တွေနဲ့
ပုံဖော်ပေးလိုက်မှုက
အရူးဘုံမြှောက်ပေးလိုက်သလိုလို
ဘီလူးဆိုင်းနဲ့ ဧည့်ခံပေးလိုက်မှုပါပဲ။
သတ်ပုံကျမ်းမှာတောင်
စာလုံးပေါင်းမှားနေတဲ့
အခုခေတ်မှာ
သဝေထိုး င၀ဆွဲ ဆိုတာ
မြွေလို့များ အဓိပ္ပာယ်ရောက်နေမလား။

ကိုဟိန်း



''သတိရတယ်အဖေ''

ဟိုအရင်အချိန်တုန်းကတော့
အခုလိုမျိုး သီတင်းကျွတ်လို့
သားတို့မောင်နှစ်မတစ်တွေ
ဖေကြီးနဲ့မေမေ့ကို
ထိုင်ကန်တော့ကြပြီဆိုရင်
အဖေနဲ့အမေ
တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး
သားသမီးတွေအတွက်
ကြည်ကြည်နူးနူး ဆုတွေပေးခဲ့ဘူးတော့
သားတို့လည်း ကြည်နူးခဲ့ရတယ်လေ
အခုတော့လည်း
သီတင်းကျွတ်လို့
ကန်တော့ကြတဲ့အချိန်မှာ
အမေ့ရဲ့ဘေးနားက
လွတ်နေတဲ့
နေရာလေးကို ငေးကြည့်ရင်း
မေမေနဲ့ သားတို့ရဲ့ရင်ထဲမှာ
ကိုယ်စီ ကိုယ်စီ ဝေဒနာတွေနဲ့ပေါ့
ဆုပေးနေတဲ့ အမေ့ရဲ့ မျက်လုံးတွေက
ဝေသီ ညို့မှိုင်းနေသလို
အသံတွေကလည်း
တုန်ခါလှိုက်မောလို့
သားတို့တွေလည်း မျက်လုံးလေးတွေ
ပုတ်ခတ်ပုတ်ခတ်နဲ့ အဖေမရှိတော့တဲ့
နေရာလွတ်ကလေးကို ကိုယ်စီငေးလို့ပေါ့။
မေမေရေ
ဖြစ်နိုင်မယ်ဆိုရင်
နောက်လာမယ့်သီတင်းကျွတ်တွေမှာလည်း
တစ်ဖက်လပ်နေတဲ့ နေရာလေးနဲ့မေမေကို့ပဲ
ကန်တော့ချင်ပါတယ်
နေရာနှစ်ခုစလုံး လပ်သွားတဲ့အတွက်
ဓါတ်ပုံလေးတွေကိုပဲ
ကန်တော့ခွင့်ရမယ့်အဖြစ်မျိုးကိုတော့
မရောက်ချင်သေးဘူး မေမေရယ် နော်
သားတို့မောင်နှမတွေအတွက်
မေမေရဲ့မြေးလေးတွေအတွက်
မေမေ အသက်ရှည်ရှည် နေပေးပါဦးနော်။

 
မင်းအုပ်စိုး


Thursday, October 30, 2014

အားသွားလို့လားသူငယ်ချင်း

ချစ်သူငယ်ချင်း

မင်းငါဆုံခိုက်ဘုရားလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်

ဥပုသ်နေ့တွင်ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်

ဆိတ်ငြိမ်နေရာအေးရိပ်သာဝယ်
အာနပါနရသမျှကို သွင်းပရှူရှိုက်
အတူလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်

ဟိုတစ်နေ့က မအားနေရင်း
ချစ်သူငယ်ချင်းမင်းဟာ
သေမင်းခေါ်ရာလိုက်သွားရှာပြီ

ကိုယ်ခေါ်စဉ်ကငြင်းလို့ရလည်း
ခုမှမငြင်း လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား ဆိုမိငြားသည်
အားသွားလို့လားသူငယ်ချင်း ။

(အမည်မသိ)

''ရင်ခုန်သံစက်ဝန်း''

တစ်ယောက်ရဲ့ရင်ခွင်ရိပ်
တစ်ယောက်ခိုဝင်မအိပ်ရလို့
တို့နှစ်ယောက်ကို
ရေစက်မပါဘူးလို့များ
ဘယ်သူကပြောချင်တာလဲ။
ဘယ်လောက်ပဲဝေးဝေး
ဘယ်လောက်ပဲကွာကွာ
ရင်ခုန်သံချင်း
ထပ်တူကျနေတာ
သူတို့တွေမှ မသိကြပဲလေ။

 
မင်းအုပ်စိုး


နာကျင်ကိုယ်စီ

မျက်နှာမူရာသို့
ကိုယ်စီကိုယ်စီ ခြေလှမ်းတွေနဲ့
ကျောခိုင်းပြီးလျှောက်သွားနေရင်း
လှည့်မကြည့်ပေမယ့်
မြင်နေရပါတယ်
မင်းမျက်ဝန်းမှာ
တွဲသီနေတဲ့
မျက်ရည်စတွေကိုပေါ့
ဘာကြောင့်သိသလဲဆို
ငါ့မျက်ဝန်းမှာလဲ
ဝေသီမှိုင်းညို့နေတာပဲလေ……


မင်းအုပ်စိုး