Saturday, October 4, 2014

ဆရာမလေး လာနေပြီ

မလုပ်ချင်ခဲ့တာပါ ဖေဖေ
ဆယ်တန်းအမှတ်စာရင်းနဲ့ ကျောင်းဆရာ
မိုး မြေလောက်ကွာတယ်လေ . . .

ဆရာဆိုတာ အင်ဂျင်နီယာပဲ
ကလေးတွေရဲ့ပညာရေးအုတ်မြစ် သူကပဲခိုင်မာအောင်ချပေးနိုင်တာ . . .
ဆရာဆိုတာ ဆရာဝန်ပဲ
စိတ်ဓာတ်တွေမဖျားနာဖို့ သူကပဲကုပေးနိုင်တာ . . .
ဆရာဆိုတာ စစ်သားပဲ
စိတ်ဓာတ်တွေခြမစားဖို့ သူကပဲတိုက်ထုတ်နိုင်တာ . . .
ဆရာဆိုတာ ခေါင်းဆောင်ပဲ
ခေတ်ကြီးတခုလုံးကို သူကပဲပြောင်းလဲပေးနိုင်တာ . . .
ဆရာဆိုတာ အနုပညာရှင်ပဲ
အနာဂါတ်တစ်ခုလုံးကို သူကပဲလှအောင်ဖွဲ့နိုင်တာ . . .

ဆရာဆိုတာ လက်သမားပေါ့
ကျောင်းစာသင်ခုံတွေကို သူပဲပြုပြင်ရတာ . . .
ဆရာဆိုတာ အိမ်ဖော်ပေါ့
ကျောင်းအိမ်သာကအစ သူပဲတိုက်ရတာ . . .
ဆရာဆိုတာ သန့်ရှင်းရေးသမားပေါ့
အမှိုက်ကစ သူပဲကောက်ရတာ . . .
ဆရာဆိုတာ ထမင်းချက်ပေါ့
ကျောင်းကပွဲတိုင်းသူပဲ မီးမွှေးချက်ပြုတ်ရတာ . . .
ဆရာဆိုတာ အလုပ်ကြမ်းသမားပေါ့
မီးမွှေးတိုင်း သူပဲထင်းခွဲရတာ . . .
ဆရာဆိုတာ တောက်တိုမယ်ရပေါ့
ကျောင်းခေါင်းလောင်းကအစ သူပဲခေါက်ရတာ . . .

မြေဖြူကြောင့် ကင်ဆာဖြစ်လို့
ဆုံးသွားတဲ့ဆရာသတင်း သမီးဖတ်ဖူးတယ်
နယ်ဆင်းတဲ့ ဆရာမ
သူပုန်တွေဖမ်းသွားတဲ့သတင်း နားထောင်ဖူးတယ် . . .
လူတိုင်းက အပြစ်တင်ကြတဲ့
ဆရာ/မအတင်းတွေ ကြားဖူးတယ် . . .

ပေါက်နေတဲ့ ခေါင်မိုးနဲ့
အလုပ်လုပ်နေရတဲ့ မေမေ
သမီးလည်း ဖေဖေ့လို ကျောင်းဆရာလုပ်မယ်
အဆင်ပြေပါ့မလား !

ကျောင်းဆရာအလုပ်ဆိုတာ ...,
အသီးမစားရ
အရိပ်မရတဲ့ အပင်ပါ ဖေဖေ . . .
ပိတိကိုစားလို့ အားဖြစ်ပါ့မလား !
သူများတွေလို ဟိုတယ်ကြီးတွေမှာ
မေမေ့ကို လိုက်ကျွေးနိုင်ပါ့မလား !

တစ်မိသားစုအရေးနဲ့ တစ်တိုင်းပြည်လုံးအရေး
အမေ့မျက်ရည်တွေ နင်း
သမီးစိုက်ခဲ့တဲ့သစ်ပင်
အညွှန့်တွေ ဝေတော့မယ် ဖေဖေ . . .

ရွာလေးက သေးသေးလေး
သူတို့အမြင်က
ကျောင်းဆရာမဆိုတာ
အဖြူအစိမ်းဝတ်နဲ့
အမွန်မြတ်ဆုံး ရနံ့အသင်းပျံ့ဆုံးဥယျာဉ်မှူးတဲ့

ငွေနံ့ ရှုချင်ခဲ့တယ့်သမီးလေ . . .
ပီတိ တွေ နမ်းရှိုက်
ခေတ်ကြီးတခုလုံးကို ဂီယာတပ်
အရှေ့က တိုင်းပြည်တွေကိုအမှီလိုက်ဖို့
ကလေးတွေကို ...
ကကြီး ခခွေး သင်ပေးနေတယ်ဖေဖေ . . .

မလိုတဲ့နေရာမှာ တစ်သျှူးလို
ခွေခွေလေးထိုင်နေရင်း အပိုစက္ကူမဖြစ်ချင်ဘူး
ကလေးတွေရေးဖို့ ဖြူစင်တဲ့စာရွက်အနေနဲ့
သမီးအပြုံးတွေ ဖြန့်ခင်းပေးချင်တယ် . .

စနစ်ဆိုးကြီးပါ ဖေဖေ
ပညာအစစ်တွေ သင်ပေးခွင့်မရဘူး
ဒါသင် ဒါကျက် ခေတ်မှာ
ပလပ်စတစ်ပန်းတွေ သမီးမစိုက်ဘူး
ဘိန်းပန်းတွေ သမီးမစိုက်ဘူး

သမီးပန်းခင်းကြီးမွှေးဖို့
သုတ/ရသ/သိပ္ပ တွေ ရောစိုက်တယ်

ဆရာနဲ့ မိဘ
ပေါင်းစိုက်မှ ပိုးမကျမှာ . . .
သည်မြေမှာ ရွှေသီးဖို့
အချိန်တော့စောင့်ရမယ် ဖေဖေ

ဆရာမ'လာကြိုတဲ့ကလေးမှာ
ဖိနပ်မပါဘူး
ကြယ်သီးအပြည့် မရှိဘူး . . .
မပီကလာ ပီကလာနဲ့
သူခူးလာတဲ့ ပန်းတစ်ပွင့်
" ခြာမ အတွက် " တဲ့ ဖေဖေ ရယ် . . . . .

…… … ………
… …… ……… … ……
…… ……… … …… ………
……… ……

(( ဆရာမလေး လာနေပြီ
ဆ ရာ မ လေး လာ ပြီ ... ဟေ့ ))

ကျောင်းသားကလေးတစ်ယောက်ရဲ့အသံ
လျှောက်လာတဲ့ အမောတွေပျောက်
မြေဖြူတစ်တောင့်နဲ့
သမီး ... ပန်းတွေပျိုးတော့မယ် ဖေဖေ . . . ။


ULay Kyi ( ကိုလင်း )

No comments:

Post a Comment