Friday, October 17, 2014

နိမ့်နေတဲ့အမြင့်များ

သစ်သီးသားကောင်
တွေ့အောင်ရှာ
အစာမျှဝေစား
ရှေးဟောင်းလူများနေထိုင်ပုံ
မဖြုံစတမ်း ဘ၀လမ်းမှာ
ဖြတ်သန်းရဲခဲ့ကြ။
လူ့ယဉ်ကျေးမှု
ယခုအခါ မြင့်မားတိုးတက်
စက်ရုံမီးခိုးတလူလူ
မွေးမြူစိုက်ပျိုးရေး
အတွေးစိတ်ကူးသစ်
ခေတ်တွေပြောင်းလဲခဲ့
ခြေလှမ်းကျဲကျဲနှင်
လူ့ခရီးစဉ်ထဲမှာ။
လိုချင်လောဘ
အလိုမပြည့်သောက
အလိုမကျဒေါသတွေနဲ့
မျှမျှတတ စိတ်မကူး
ငါဦးငါပိုင်
ငါဆိုင်ငါရ
ငါလှဖို့သာ အဓိကဆိုတဲ့
အတ္တအရိုင်းအစိုင်းတွေ
ဟိုးအတိတ်သမိုင်းဦး
ပြန်လည်တူးဖော်
ရှက်ဖို့တော်ပြီ။

တိုးဝေ

No comments:

Post a Comment