Sunday, October 5, 2014

“နွားတစ်ကောင်၏ နှလုံးသားပဲ့တင်သံ”

မွေးစမှသည်
မေ့-နို့ရည်ကို
မဝရေစာ
သောက်သုံးကာလျှင်
နို့ချိုမျှဝေ
ပေးခဲ့လေလည်း…..။

ထင်းတိုက်ရေသယ်
ဝါးသယ်လှည်းဆွဲ
စဉ်မြဲကူညီ
သုံးရာသီတွင်
ထမ်းပိုးတပ်ခါ
ဝန်ထမ်းကာလျှင်
ကိစ္စအမှု
ကူညီပြုလည်း…..။

နေပူစပ်ခါး
ဗွက်တောကြားဝယ်
စပါးအနှံ
ပြောင်း,ပဲဆန်နှင့်
သီးနှံမျိုးမျိုး
အထွက်တိုးအောင်
မဆုတ်မနစ်
ခွန်အားညှစ်၍
ရုန်းကန်လှုပ်ရှား
ပေးဆပ်ငြားလည်း…..။

ဝမ်းစာအတွက်
ကောက်ရိုး,မြက်သာ
စားသုံးကာလျှင်
ထွန်တုံးကိုဆွဲ
အံကိုခဲ၍
လှုပ်ရှားရုန်းကန်
စိုက်ရန်မှ,စ
သီးပွင့်ကြသော်
စပါးအနှံ
နယ် လှေ့ရန်,လယ်
အဆုံး,ဆန်ဖြစ်
သိမ်းဆည်းရစ်ထိ
စ-လယ်-အဆုံး
တူယှဉ်ရုန်း၍
ဝမ်းစာအရေး
ဆောင်နှင်းပေးလည်း…..။

ငါတို့ကြိုးကုတ်
စိုက်ပျိုးထုတ်သည့်
ဆန်ကိုချက်ပြုတ်
ထမင်းလုပ်၍
ငါတို့ အသား
ဟင်းလုပ်စားမို့
ငါ၏အရိုး
ငါ့ပြန်ထိုးနှယ်
မျက်ရည်ဝိုင်းမိ
သည်းနာဘိတော့…..။

မွေးစမှသည်
နှစ်ကြာရှည်အောင်
ရုန်းကန်လှုပ်ရှား
ပေးဆပ်ငြားလည်း
တရားမကပ်
လည်လှီးသတ်၍
အခင်းလုပ်ရန်
သားရေလှန်သည်
ဦးချို ဂွလုပ်
သဲအူထုတ်နှင့်
အသွေးအသား
ဟင်းလုပ်စားကာ
အမြှီး,အရိုး
စွတ်ပြုတ်အိုးသို့
ယုတ်စွအဆုံး
နောက်ချေးတုံးပင်
ဩဇာမြေဆီ
သုံးကြသည်ထိ……။

ဪ………..
ရပ်ရွာလူ့ဘုံ
ရောက်ခဲ့တုံခိုက်
လောကအကျိုး
လူ့အကျိုးကို
နိုင်ရာတာဝန်
ထမ်းရွက်ပွန်လည်း
မလှအကြောင်း
ကံမကောင်းသည့်
ငါတို့ဘဝ
ကြွေးရှိကြသော်
ဤဝယ်ဘဝ
ဤအမျှနှင့်
ကြေပါစေကြောင်း
ဆုခြွေတောင်း၏…..။

ဘဝတစ်ဖန်
ဖြစ်တုံ့ပြန်က
ရန်လိုတုံ့နှင်း
ကင်းစေခြင်းဖြင့်
ဆက်နှင်းမေတ္တာ
ပို့သပါသည်…….
လုံးစုံသတ္တာ ဝေနေယျာတို့
ကျန်းမာကြစေ…ချမ်းသာစေ
ဝမ်းသာကြစေ…လန်းဖြာစေ…..။


(နဂါးမာန်)

No comments:

Post a Comment