Sunday, August 31, 2014

တောင်မှ မြောက်ဆီ မြစ်သာနဒီ






@ မြစ်သာဆိုတာ
ကမ္ဘာတည်စ
ရှေးဦးမှလျှင်
ကြည်မြတလီ
နောက်ကျီ တလှည့်
ကမ်းပြည့်မတ်မတ်
ရေစပ်စပ်နဲ့
စိတ်ဓာတ်လူနှယ် စီးခဲ့တယ်။

@ မြစ်သာဆိုတာ
မြန်မာ မှာတော့
ဖြာဖြာ မြစ်သီးသီး
စီးသွားတောင်ဆီ
တူမညီအောင်
တောင်မှသည်မြောက်
ငါတယောက်လို့
မှတ်ကျောက်တင်အောင် စီးခဲ့တယ်။

@ မြစ်သာဆိုတာ
မြစ်ဖျားမှာတော့
ဖြာဖြာချောင်းရေ
ထွေထွေ မြောင်းများ
ကျောက်မြေ ကြားနဲ့
တောင်ကြား တောင်ထိပ်
နှင်းပြိုဖိတ်၍
ရိပ်ရိပ် စပြု စီးခဲ့တယ်။

@ မြစ်သာဆိုတာ
လူတကာက
ပေစာ မော်ကွန်း
သူ့အမှန်းနဲ့
မှတ်တမ်းတင်ကြ
လွမ်းမောကြတဲ့
ယောဒေသရဲ့
အလှသစ္စာ
လက္ခဏာအဖြစ် စီးခဲ့တယ်

@ မြစ်သာဆိုတာ
ဒီရွာ ဟိုမြို့
လူ-ကုန်ပို့ရန်
ကူတို့ လောင်းလှေ
စက်တပ်လှေနဲ့
ရေပေါ် ရှပ်ပြေး
ချစ်သွေး သွယ်တန်း
စီးပွါးထွန်းအောင် စီးခဲ့တယ်

@ မြစ်သာဆိုတာ
မိုးခါဆိုက
ဆိုးကြမ်းလှရဲ့
လှိုင်းက ပုတ်လွှမ်း
ရေတင်းကြမ်းကြောင့်
ကမ်းက ဗြုံးဗြုံး
ရွာ-လယ်ဆုံးအောင်
ချေမှုန်းဖျက်ဆီး
နဂါးကြီးလို စီးခဲ့တယ်။

@ မြစ်သာဆိုတာ
ဆောင်းဟေမာဝယ်
ကညာပျိုမ
ကိုယ်ကာယသို့
သဘာဝသွင်
ကြည်ကြည်လင်လျက်
သူကြင် က်ုယ်ဖက်
မခွဲရက်ဘူး
ကမ်းထက်ဝဲယာ
ဖြာဖြာစိုက်ကွင်း
မြစ်စိမ်းခင်းအောင် စီးခဲ့တယ်။

@ မြစ်သာဆိုတာ
နွေခါရောက်မူ
ခန်းခြောက်ခဲ့ရေ
သဲမြေကျောကျော
ကိုင်းတောသဲသဲ
ရင့်ရဲ စိုစို
စိမ်းညို ရေညှိ
ရေအိ ဖြည်းဖြည်း
ရေစီး ပြေးသံ
ဂီတဆန်အောင် စီးခဲ့တယ်။

@ မြစ်သာဆိုတာ
ဆည်းဆာ ညရီ
မြစ်ရေကြည်ဝယ်
မဒီ ပျိုလှ
ကိုကိုလှနှင့်
မိဘသားထွေး
သမီးလေးနှင့်
ချိုတေးသီရင်း
ရေချိုးဆင်းကြ
ရေဖေါကြနှင့် (ရေကူး)
ဆော့ကြ ပြေးကြ
ရေပက်ကြနှင့်
ဖွတ်ကြ လျှော်ကြ
ရေခပ်ကြနှင့်
ဘဝမေ့အောင် စီးခဲ့တယ်။

@ အို---မြစ်သာမြစ်လေး
ငါဆိုတေးကို
ချောင်းဘေး ကမ်းပါး
ပစ်မထားပဲ
ယူသွားသမုဒ္ဒရာ ပို့ပေးပါ။


အရှင်ယောနက

အဖေ့အိမ်


မခန်းသောမြစ်တို့….. ဖြောင့်တန်းရာ
လေညင်းသွဲ့သွဲ့တို့….. သန္ဓေတည်ရာ
ငွေနှင်းမှုန်တို့….. နုပျိုရာ
ကြယ်တံခွန်တို့….. အလင်းစုရာ
လမိုက်ညတို့….. ၀တ်ရည်ဆွတ်ရာ
မုန်တိုင်းတို့….. ၀ပ်စင်းရာ
ဥပေက္ခာပန်းတို့….. ရင်ငွေ့လှုံရာ
အိပ်တန်းပြန်ငှက်တို့….. လွမ်းဆွေးရာ
ဓမ္မတေးသံတို့….. ဆောင်းခိုရာ
နေစစ်သည်တို့….. အရေးနိမ့်ရာ
တောင်စဉ်ခုနှစ်သွယ်တို့…… ၀တ်ပြုရာ
ဥယျာဉ်မှူးတို့….. ပခုံးသွေးဆက်ရာ
သံမဏိလိပ်ပြာတို့….. ကျောက်ထွင်းရာဇ၀င်စိုက်ထူရာ
ချွေးသောက်ငှက်တို့….. အပျံသင်ရာ
သစ္စာမောင်နှံတို့…… ခေါင်းချရာ
ကဗျာဆရာတို့….. နှင်းရည်သောက်ရာ။     ။


( ရတုသွေး )

Saturday, August 30, 2014

ကဝေ့ပြည်


မိုးတွေသည်းသခိုက်
အိုက်လိုက်တာကွယ်…..
ရာသီဥတုက
ခုတလော မာယာများ
လှည့်စားနေတယ်။

တိမ်ရိပ်မှောင် နေပူကျဲ
သူ့အကဲ ဟန်ရေးခြယ်
ယုံလွယ်ရင် အမှား။

ကဝေအရပ်မှာ
အနေမတတ်ရင်တော့
လုပ်ဇာတ်တွေ လိမ်ပွေလို့
တို့တစ်တွေ အညာခံထိမယ်
(ပြည်သူရေ…..)
သတိတော့ထား။     ။

( တိုးဝေ )

တမလွန်မှသိပါစေ….. သြော်


ခွန်းခြွေမြွက်ကြား၊ သူ့စကားကို
ပျားနယ်ချိုအီ၊ ၀န္ဒာမိပါ။

အဘအမွေ၊ ခံစားစေလော့
အဘစကား၊ ထောင်နားစိုက်လော့
အဘသွင်မူ၊ အတုယူလော့
ဘ ချစ်သည့်စာ၊ လိုက်စားပါလော့။

အဘမြတ်နိုး၊ပြည့်အကျိုးကို
ကြိုးစားကာသာ၊ ထမ်းဆောင်ပါလော့။

အဘမြတ်နိုး၊ ငြိမ်းချမ်းချိုးရယ်
တိုး၍တခြား၊ ကူစမ်းပါလော့။

အဘသည်လျှင်၊ တမလွန်မှ
သိပါလေစ၊ သိပါစဟု
နှုတ်မုံရွရွ၊ ဆိုသမျှကို
မကျမြေ၀ယ်၊ တပည့်ငယ်တို့
မပြယ်မယွင်း၊ နှလုံးသွင်းလျက်
ဦးထိပ်ချွတ်ကာ၊ သစ္စာပန်မှု
မသွေပြု၏။

ခွန်းခြွေမြွက်ကြား၊ ဘ စကားကို
ပျားနယ်ချိုအီ၊ ၀န္ဒာမိပါ။

ပန်းချီညို (ပခုက္ကူ)

Friday, August 29, 2014

သူခိုးဋီကာ


သူခိုး….တဲ့
စကားလေးနှစ်လုံးထဲနဲ့…..
တစ်နိုင်ငံလုံး ဗုံးဗုံးလဲခဲ့ရ…..
ကြည့်စမ်းပါဦး…..
တရုန်းရုန်းနဲ့….
သူခိုးပြိုင်ပွဲကြီး ကျင်းပနေသလားအောက်မေ့ရ…..
တောတွေလည်းပြုန်း…..
တောင်တွေလည်းကတုံးဖြစ်…..
မြစ်တွေကချောင်းလိုကောသွား…..
ဒီကြားထဲ…. ဒင်းတို့တစ်တွေက…..
ဧရာဝတီကိုတောင် “သင်း”သတ်ချင်ကြသေးတယ်…..။
အချက်မသိတော့လည်း…..
ဆက်ရက်ကိုချိုးထင်….. သမက်ကိုသူခိုးထင်ကြ……
ရင်တမမနဲ့၊ သည်လိုခေတ်ကြီးထဲမှာ…..
ကိုယ့်မြင်းကိုယ်စီးလို့မှ၊ အထီးမှန်းအမမှန်းမသိ…..
ကိုယ့်လှေကိုယ်ထိုးလို့မှ၊ ပဂိုး(ပဲခူး)ရောက်မှန်းမသိကြ…..
အ၀ိဇ္ဇာအမှောင် “နွံ”နစ်ပြီး သိက္ခာဗြောင်ညစ်နေကြတဲ့…..
ဒီလိုခေတ်ဆိုးခေတ်ညစ်ကြီးထဲမှာ…..
သူခိုးက “လူ”ဟစ်ချင်ကြသေးတယ်…..။
ဒီကြားထဲ…..
တချို့က….. သူခိုးကိုဆရာတင်ကြတယ်…..
တချို့က….. သူခိုးကိုအဖေတော်ကြတယ်…..
တချို့က….. သူခိုးကိုမိတ်ဆွေဖွဲ့ကြတယ်…..
တချို့က….. သူခိုးကိုသေဖော်ညှိကြတယ်…..
တချို့က….. သူခိုးပြေးမှထိုးကွင်းပြကြတယ်…..
ပိုပြီးဆိုးတာက….
တချို့ကဆို….. သူခိုးကို….. ဓားရိုးတောင်ကမ်းလိုက်ကြသေးတယ်…..
ကိုင်း…… ကောင်းကြရောပေါ့ဗျာ…..။
ဒီလို “လူ”တွေထဲမှာ…..
ကျုပ်ကတော့….. အမေပြောတဲ့ “အမှန်တရား”အတိုင်းပဲ…..
“သူခိုး”ကို “သူခိုး”လို့အော်လိုက်မိတယ်…..
ဘုရား….. ဘုရား….. ကျုပ်တော့မှားသွားပြီထင်တယ်…..
ကျုပ်ကိုကြည့်နေကြတဲ့…… သူတို့ရဲ့မျက်လုံးတွေကလေ…..
“နဂါးမျက်စောင်း”သာဆိုရင်….. ကျုပ်ပြာကျသွားလောက်ပြီပေါ့အမေရယ်…..။
အင်း….. ဒီလိုပုံနဲ့….. မိုးကြီးချုပ်ခဲ့မယ်ဆိုရင်…..
မျှော်လင့်ချက်တွေ….. အလုပ်ဖြစ်မယ်မထင်တော့ဘူး….. အမေ…..
နောက်ဆုံးတော့….. ကျုပ်စဉ်းစားမိတယ်…..
အဘိုး “မှိုင်း”ရေးဖို့ကျန်တဲ့…..
သူခိုးဆိုင်းဋီကာတစ်ပုဒ်ကို၊ ကျုပ်ရေးထုတ်မိတယ်…..
သူဋ္ဌေးနော်အမှန်ဖြစ်အောင်ပ…..
မပြေးသော် “ကန်”ရာရှိပြီမို့…..
သူခိုးကို “သေဖော်ညှိ”လိုက်ရင်…… ကောင်းမလား…..
တစ်မျိုးပမာတင်ပြရရင်…..
သူခိုးကို “ဆရာ”တင်လိုက်ရင်….. ကောင်းမလား…..
အမျိုးဂုဏ်အားကိုးနဲ့….. ခရိုနီဆိုးတချို့နဲ့…..
သူခိုးကို….. ဓားရိုးကမ်းလိုက်ရင်….. ကောင်းမလား.။….
…………………………….. ကောင်းမလား……

…………………………….. ကောင်းမလား……


( သက်မင်းဂျူလိုင် )

Thursday, August 28, 2014

“ဘယ်သူ ကြာကြာခံမှာလဲ''


ဝဲတော့ ဝဲကြတာပဲ
တချို့တွေက
လေတိုက်လို့လွင့်မျောရင်း
လွင့်ဝဲလာကြတာ
တချို့ကျတော့လည်း
ပိုင်ရှင်ကိုယ်တိုင်
ချည်ခင်ကို ရစ်ပင့်ပြီး
ဆွဲတင်ပေးလိုက်လို့
ဝဲတက်လာကြတာ
တချို့ကကျ
ကိုယ်ပိုင်အစွမ်းအစ
အင်အားပါတဲ့
တောင်ပံတစ်စုံနဲ့
လွင့်မျောဝဲပျံနေကြတာ
ဝဲတော့ ဝဲနေကြတာပဲလေ
ဝဲပုံချင်းသာ မတူတာ။


မင်းအုပ်စိုး

တစ်နေ့မဟုတ် တစ်နေ့

မပြောဘူးဆိုတာ
အ နေလို့မှမဟုတ်ပဲ
တစ်ခါတစ်လေ
မပြောဘဲနေတာက
ပြောလိုက်တာထက်
သက်ရောက်ပါတယ်
စာသားပါမှ
သီချင်းဖြစ်တာ
မဟုတ်လောက်ပါဘူး
သံစဉ်ပါရင်ခံစားလို့ရပါတယ်
တွန်းနေတိုင်းလည်း
အလုပ်မဖြစ်နိုင်ဘူးလေ
အရွေ့ဆိုတာ
ရှိဦးမှပေါ့
ကဲ သူငယ်ချင်း
မင်းတစ်ယောက်ထဲ
ပြောနေဆိုနေလုပ်နေတာပဲ
မင်းထင်နေရင်
ငရမန်ပဲမင်းဖြစ်လိမ့်မယ်
အားလုံးကတော့
လှော်နေပါတယ်
အခုအချိန်ထိ
ကမ်းမရောက်တာတော့
ငါတို့ကံပေါ့ သူငယ်ချင်းရယ်………။


မင်းအုပ်စိုး

Monday, August 25, 2014

နှမလက်လျှော့ နေလေတော့


၁။ ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊
ထပ်ရစ်လက်သင်၊ထုံးစတွင်၌၊ သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊
ဆရာမိဘ၊ ကွပ်ဆုံးမလည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊
သန်းခေါင်မဟူ၊ အတူယှဉ်တွဲ၊ သန်လွှဲမခန့်၊ ကိုယ်သက်စွန့်၍၊ဝေးဓွန့်ခရီး၊
ချုံကြီးတောစုံ၊ ၀ါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊
မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးငွေဂဟေ၊
မစပ်လေသို့၊ စာပေတတ်ပွန်၊ သီလက္ခန်နှင့်၊ ကျမ်ဂန်သိမြောက်၊
ပဉ္စင်းရောက်က၊ ထပ်လောက်ကျင့်ဖွယ်၊ ကြိုးသောနယ်ကို ၊
အဘယ်ကြိုးစားရှာ လေတော့မည်။

၂။ လူ့မြေထိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊
ချိန်းချစေ့ရေး၊မှာစာခွေကို၊စသေလိပ်ပြီး၊ခင်းနှီးကွက်ကျယ်၊ ပြောင်မျိုးခြယ်၍၊
ဆင်စွယ်ဝန်းယှက်၊မွေးမက်ရက်သည်၊ အသက်တို့က၊ဆက်လှာရလည်း၊
မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်း ပညတ်၊ အပ်တိတသွား၊
ဆံတဖျားမျှ၊ မမှားအာရုံ၊ ကာမဘုံကို၊မမြုံရချေ၊ သတ်ငယ်သေစွ၊
ကမ္ပလွေရင်ပိုက်၊ တကိုက်လည်းကျွတ်၊ စာလက်လွတ်၍၊
ဖြစ်တတ်ဘိသည်၊ သင်္သာရှည်ခဲ့၊ ဖန်လည်ရဟတ်၊ တပတ်ပတ်လျှင်၊
အနတ္တဒုက္ခ၊ အနိစ္စလည်း၊ နှလုံးပူစွ၊ ပေးလှူ စွန့်ကြ၊
သည်ဘ၀တွင်၊ နှမလက်လျှော့၊ နေလေတော့ဟု၊ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံစွ၊
ရှက်ဟုံကြေးကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မဖွင့်၊ ပျံလွင်မေတ္တာ၊ ကရုဏာနှင့်၊
တဏှာလောဘ၊ ဒေါသမြှေးထူ၊ရမ္မက်မြူကို၊ ဘယ်သူနှိုးရှာလေတော့မည်။

၃။ ဆုဝေဘိချင်၊ငယ်ကျွမ်းဝင်နှင့်၊သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊
ညောင်စည်သများ၊မြို့ရှေ့ပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုး၌၊
ပုဆိုးကြာညွန့်၊ ပိတ်လျှပ်တွန့်ကို၊ ဖြန့်၍တံ့ ငယ်မည်မြွက်ဟ၊ နှုတ်သံမြနှင့်၊
ခက်မတစ်ထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊
တိုင်မှတ်သက်သေ၊ ပြုမိပေရှင့်၊ မကွေသစ္စာ၊ ၀ါသနာကြောင့်၊
ရုပ်ဝါပျိုရွယ်၊သနားဖွယ်ဘိ၊ရှေးနှယ်ကြိုးကုပ်၊ ချမင်းတုပ်နှင့်၊ ခွက်မြှပ်ခါညီ၊
နာရီမောင်းချ၊ ဒေသနမိတ်၊ သက်ကြီးဆိတ်လည်း၊ မမှိတ်မျက်တောင်၊
သည်းခေါင်ဆူလည်၊ရှိလိမ့်မည်ဟု၊လွမ်းသည်ထပ်ဆင့်၊ဖူးချိန်သင့်ကို၊
မျှော်လင့်ခိုးရှာ လေတော့သည်။

(ရှင်မဟာရဌသာရ)

မင်းအိမ်


မကောင်း မင်းအိမ်
ကောင်း မင်းအိမ်တည်း
မင်းအိမ်ရွှဲစို အမိုးယိုသော်
မငြိုးသင့်ပါ မင်းတက်ဖာပေါ့။

အကာအခင်း ပျက်ယိုယွင်းသော်
မငြင်းစေချင် မင်းဆက်ပြင်ပေါ့။
အခွင်အနဲ့ အရွဲ့အစောင်း
မကောင်းမပြေ ဟောင်းထွေထွေကို
အခြေနှင့်မျှ ဉာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း ။ ။

( ဇော်ဂျီ )

ဘေးလူ


နာကျင်ရပါတယ်
နိဒါန်းမရှိတဲ့ တေးသွားလေးမှာ
နိဂုံးတွေ စောလျင်စွာဖြစ်ပေါ်ခဲ့ . . .

ပထမ ဒုတိယ တတိယ
ဘာမှမသိချင်တော့ဘူး
နှစ်ပွင့် သုံးပွင့် လေးပွင့်
ဘယ်အပွင့်တွေ ဆိုင်ပါစေလေ
ကိုယ်ချစ်တာ မင်း
ဒါကို ကမ္ဘာကုန်တည်သရွေ့ ယုံမှတ်

ဘေးလူတဲ့လား
ဘေးကလူပေမယ့် ယှဉ်ရက်ပင်တွဲခွင့်မရတဲ့ ဘဝ
ဘေးလူရဲ့မျက်ရည် ဘယ်သူသိမှာလဲ
ဘေးလူရဲ့ ခံစားချက် ဘယ်သူကိုယ်ချင်းစာမလဲ . .

ဝတ္ထုတစ်ပုဒ်ရဲ့ ဗီလိန် ဇာတ်ကားတစ်ပုဒ်ရဲ့ လူကြမ်း
ရာမဇာတ်ရဲ့ ဒဿ ရာဇဝင်ထဲက စုဖုရားလတ်
ဘေးလူကို ဘယ်သူ လက်ခုပ်တီးပေးခဲ့သလဲ . . .

မငိုနဲ့ ဘေးလူ နင့်အတွက်ငိုမယ့်လူမရှိဘူး
မသနားနဲ့ ဘေးလူ နင့်ကို သနားမယ့်လူမရှိဘူး
ဘေးလူဆိုတာ ကမ္ဘာဦးအစကတည်းက ထမင်းထုတ်ဟင်းထုတ်

နာကျင်ရပါတယ် . . .
ခုတော့ ဘေးလူရဲ့ ရင်ခုန်သံက ဇာတ်လမ်းကို လွှမ်းခြုံနေလို့ . . . .


မိုးခါးရေ...

Saturday, August 23, 2014

သတိရတယ် သူငယ်ချင်း


တစ်ပတ်မှာ
၃၆ နာရီ လက်ဖက်ရည်ဆိုင်ထိုင်ခဲ့တယ်
တဖြည်းဖြည်းနဲ့
လက်ဖက်ရည်ဆိုင်က ထိုင်ခုံတွေလို
တို့ဘ၀တွေ ပုဝင်နေခဲ့။
ရန်ကုန်မြို့ကြီးကို
၃ နှစ်လောက် အကြောပေးလိုက်ဦးမယ်ဆိုတဲ့
ငါ့သူငယ်ချင်းရေ…..
အခုမင်းဘယ်ရောက်နေသလဲ။
ဘယ်လိုမှ မေ့ပျောက်လို့မရတဲ့နေ့တွေ
တစ်ဟုတ်ထိုး မောင်းထွက်သွားတဲ့ဘ၀တွေ။
လက်ဖက်ရည်ဆိုင်ထိုင်တာကိုကြည့်ပြီး အထင်မသေးနဲ့
လက်ဖက်ရည်ဆိုင်ထိုင်တာကိုကြည့်ပြီး ၀မ်းမနည်းနဲ့
လက်ဖက်ရည်ဆိုင်ထိုင်တာကိုလည်း ဂုဏ်မယူနဲ့။
၁၉၉၈ ဟာ အပေါင်ဆုံးခဲ့ပါပြီ
တစ်ဘ၀လုံးပုံအောခဲ့တဲ့
ကစားဝိုင်းက မသိမ်းသေးပါဘူး။

( ကိုလှသန်း )

ရေနည်းငါး


အမေ....
မွေးရုံသက်သက်ဘဲလား အမေ
မတူကြတဲ့လောက လူ့သဘာဝ
ဆင်းရဲနွမ်းပါး ဘဝမခြားသ၍
အမေ့ကိုတွေ့ချင်သေးတယ်အမေ။

အဖေနဲ့မှားခဲ့တဲ့အမေ
ကျွန်တော့်ကို သန္ဓေတည်မှ
အမေနောင်တရတော့တယ်ပေါ့။

အမေချစ်တဲ့အမေ့လူကြီး(အဖေ)ဟာ
ဘယ်သူဘယ်ဝှါဆိုတာ
ကျွန်တော် မသိလိုတော့ပါဘူး။

မေတ္တာတရားတွေနဲ့လွှမ်းခြုံထားတဲ့
ပရဟိတ ကျောင်းလေးထဲမှာ
ဘဝတူသူငယ်ချင်းများနဲ့
သားနေတတ်နေပါပြီ အမေ။

သားကိုထားခဲ့ပြီး ပြန်လှည့်သွားတဲ့
အမေ့ရဲ့ကျောပြင်ကို
မျက်ရည်စတွေကြားက
အမေဆိုတာ မသိတသိ
ကြည့်မိခဲ့ဘူးတယ် အမေ။

အမှတ်သညာသေးတဲ့ ဥမမယ်သား
ဘဝခါးမှန်းလည်း မသိ
ချိုမှန်းလည်း မသိခဲ့။

မေတ္တာတရားတွေသာ ရှိပြီး
နို့ချိုရည် မရှိတဲ့ သူတချို့က
ရင်ဝယ်ပိုက်ပြီး အမေ့နေရာယူ
အမေပစ်ခဲ့တဲ့သား ရေနည်းငါးကို
ဂရုဏာလက်တွေနဲ့ကြိုဆိုထွေးပွေ့
ရင်ခွင်နွေးနွေးမှာ....
ငြိမ်းအေးစေခဲ့ပါတယ်...အမေ။

နို့သီးခေါင်းအတုနဲ့ နို့ချိုရည်
အမေ့ကိုယ်စား အားဖြစ်
မမြင်ဘူးတဲ့ မျက်နှာ
မတွေ့ဘူးတဲ့ လက်နဲ့
ထွေးပွေ့ထားတဲ့ သူတွေကို
အမေမြင်လှည့် စေချင်တယ်။

မှားတာ အဖေလား?
မှားတာ အမေလား? မမေးတော့ပါ
ဘဝမခြားသေးတဲ့ ကျွန်တော်
လူဘောင် လူလောကမှာ
မိဘမဲ့ အခေါ်ခံ
မိပစ်ဖပစ် နွံမနစ်တာကိုဘဲ
ကျေနပ်လှပါပြီ အမေ။

မမြင်ဘူးတဲ့ မွေးသမိခင်
မမြင်ဘူးတဲ့ မွေးသဖခင်
ဝဋ်ကြွေးရှိခဲ့ရင်..,
သားကျေအောင်ဆပ်မှာပါ...

တပါးသူရဲ့ ရင်ခွင်
တပါးသူရဲ့ မေတ္တာလက်တွေနဲ့
ထွေးပွေထားတဲ့ အမေ့သားကို
တစ်ခါတစ်ခေါက် ကလေးတော့
လာကြည့်လှည့်ကြပါဦးဗျာ....။


ကိုစိုးမိုး

Friday, August 22, 2014

''တံခါး''


ဝင်ချင်လည်း ဝင်
ထွက်ချင်လည်း ထွက်
ကျော်ချင်လည်း ကျော်
ခွချင်လည်း ခွ
ကိုယ့်ဘဝကို
ဘောင်ခတ်ထားမိတော့
ဘယ်သူ့ကိုသွားပြီး
အပြစ်တင်လို့
ရပါတော့မလဲ....နော့။

မင်းအုပ်စိုး

သပြေပင်တောရ


ညောင်ရေတကောင်း
ကျည်ခွံဟောင်းတွင်
ညံ့ပျောင်းလန်းဝေ
ပန်းသပြေကို…..
သရေတင့်စွာတွေ့ရ၏။
သံချိုခေါင်းလောင်း
ဗုံးခွံဟောင်းကို၊ တွဲလောင်းဆွဲချိတ်
သပြေရိပ်ဝယ်…..
ဆိတ်ငြိမ်အေးချမ်းတွေ့ရ၏။
အားလုံးခြုံကြည့်
ပီတိလှိုက်ခုံ၊ ကြည်နူးမိ။
သြော်…..စိမ်းလန်းကြည်မြ
ကျောင်းမြေလှတွင်၊ စစ်မှကျန်ကြွင်း
သေမင်းတမန်၊ ဗုံးဟောင်းခွံနှင့်
ကျည်ခွံဟောင်းတို့၊
ကောင်းမြတ်သံဝေ
ရကြလေထင့်…၊
သပြေတောရ
မြတ်ဓမ္မ၀ယ်…..
မာန်ချခိုလှုံနေကြပြီ။
ကျည်ခွံပန်းအိုး
ပန်းစိုက်ထိုးရင်း…..
ဗု့းခွံအဟောင်း
ခေါင်းလောင်းကိုထိုး
လှုတ်ခတ်နှိုးမည်
မိုးအောက်မြေပြင်၊ ဝေဟင်မကျန်
ရှင်သန်လှုပ်ရှား၊ လူသားအားလုံး၊
သတ္တ၀ါအားလုံး…..၊
အမုန်းမရှိ……၊
ပကတိ…..၊
သုခိချမ်းသာငြိမ်းအေးစေသော်ဝ်။

( မောင်တိက္ခ)

Thursday, August 21, 2014

မြေခွေးပုံပြင်


ခေတ်အဆက်ဆက်
အိပ်မက်တီထွင်
ကျော့ကွင်းဆင်၍
မြေခွေးပုံပြင်
မယုံချင်နှင့်
ယုံလျှင်သော်ကား
သမင်လားသို့
သွေးဆက်သားကောင်
ဖြစ်လိမ့်မည်လေ့…..။
တို့မှာ…..လူသား
သမင်များမဟုတ်
တွေးခေါ်ခြင်းများ
ညီညွတ်အားဖြင့်
လွတ်လပ်ခြင်းရှာ
ရဲရင့်စွာဘိ
အမှန်တရားသိနှင့်
ဖိနှိပ်ချုပ်ခြယ်
“အာဏာ”စွယ်ကို
ချိုးလှန်ဖဲ့ထုတ်
အမြစ်ပြုတ်အောင်
အရေဆုပ်၍
မြေခွေးသားမီးဖုတ်
စားကြမည်ဟေ့…..။

( မျိုးချစ်သူ )

မအိုတဲ့ကဗျာ


ဇရာကျ၍
ရခဲ့ဒဏ်ရာ၊ ငါ့ခန္ဓာ၌
ရောဂါမျိုးစုံပါတကား။
ဇရာကဖိ၊ တအိအိ
ဗျာဓိကဖဲ့၊ ငါ့ကိုယ်နဲ့လည်း
မနဲ့ကလောင်၊ ငါ “ဇော်နောင်”
နောင်တမဆို၊ စာသားဆိုသည်။

အို-နာ-သေရေး၊ လာမည့်ဘေး
အရေးမဟုတ်၊ ကျွန်ုပ်ပြည်သူ
အောင်လံထူဖို့၊ ကူညီအားပေး
ကဗျာရေးဆဲ
ဒီမိုကရေစီအရေး
အရေး…..အရေး……အရေး
အရေးတော်ပုံ အောင်စေသတည်း။

( ဇော်နောင် )

Wednesday, August 20, 2014

အဖေ ….. ၀ဋ်


အဖေ ….. တဲ့
စကားလုံးနှစ်ခုနဲ့ ဖွဲ့စည်း
ကမ္ဘာမှာ စွမ်းအားအကြီးမားဆုံး
မေတ္တာတွေနဲ့…..
သွေးနဲ့ရင်းတဲ့ သားအတွက်
ခွန်အားရှိသမျှ ပေးဆပ်…..။
အဖေ့မေတ္တာ…..အဖေ့ကျေးဇူး
အဖေ့တန်ဖိုးကို
သားငယ်လူမိုက်က
သိသလိုလို မသိသလိုလို
ဂျစ်ကန်ကန်မျက်နှာပေးနဲ့
အဖေကိုအရွဲ့တိုက်
အဖေ့စကားကို
အလေးမထား ဂရုမစိုက်
သိပ်မိုက်တဲ့သားကို
ချစ်လွန်းလို့ အလိုလိုက်
အဖေမရိုက်ရက်ခဲ့ဘူးနော်…..။
အဖေရေ…..အခု
မွေးခန်းထဲက “အူဝဲ”ဆိုတဲ့
ဂန္ထ၀င်သီချင်းလေးဆို
လူ့လောကထဲ အသစ်ရောက်လာတဲ့
အဖေ့မြေး……
ကျွန်တော့်သားမျက်နှာမြင်လိုက်တော့မှ
အလေးမထားမိခဲ့တဲ့…..
အဖေ့မေတ္တာ….. အဖေ့တန်ဖိုးကို
အလိုလိုသိလိုက်ရတယ် အဖေ
ကျွန်တော် သိပ်မှားခဲ့ပါတယ်……။
ဝေးတမြေက ကျွေးဖေရေ…..
အခုကြည့်စမ်းပါဦး
အခါလည်ကျော် အဖေ့မြေး
ကျွန်တော့်သားကို
အပြင်ထွက်မဆော့နဲ့လို့
ပြောလိုက်တဲ့ ကျွန်တော့်စကား
အလေးမထား ဂရုမစိုက်ဘဲ
ဒယီးဒယိုင်နဲ့ ခြေဆောင့်ထွက်သွားတာမြင်လိုက်ရတော့…..
ရုတ်တရက် ဘုရားတ
အဖေ့မျက်နှာ ပြေးမြင်ယောင်မိ
အသိတစ်ခု ၀င်လိုက်တာက
အဖေ့ဝဋတွေ လည်မှာကြောက်တယ်…..
အဖေ…..

( မင်းဟန်စော )

ရာဇ၀င်ရဲ့သမီးပျို


မိန်းမသားဆိုပေမယ့်
အားနွဲ့မယ်မထင်နဲ့လေ
ခြေလှမ်း…..
မိုင်ပေါင်းတစ်သန်းလှမ်းနိုင်သူ။
လက်နှစ်ဖက်…..
လက်ထိပ်တို့ကို ချိုးဖျက်နိုင်သူ
နံရံတံတိုင်းကို ဖြိုလဲနိုင်သူ
နှလုံးရည်…..
အပြုံးတွေစီ ထောင်တွင်းဝင်သူ
စိတ်မပျက် တရားဖက်နိုင်သူ။
လက်ရုံးရည်…..
ပြည်သူအတွက် ဦးရွက်နိုင်သူ
ပြည်သူအတွက် စွန့်လွှတ်နိုင်သူ။
သြော်…..
မိန်းမသားဆိုလေငြား
ကမ္ဘာကသိ
သမိုင်းလှမှာ သေချာဘိ။
ပြည်သူကသိ
ရာဇ၀င်သမီးရှင် ဖြစ်ပါဘိ။
အာဏာရှင်တို့အသိ
ရပ်တည်ဖို့ရာမလွယ်၏။
ပြိုင်လျှင်ရှုံးမှာ သေချာဘိ။

( အေးသဏ်းမင်း )

Sunday, August 17, 2014

အတ္တ…..၊ မာန…..၊ သင်္ခါရ…..


အငိုလွယ်သလောက်
အရှိုက်ခက်လောကကြီးမှာ
လောဘ…..ဒေါသမီးတွေ
ဟုန်းဟုန်းတောက်။
“လျှင်”သူစား  “အ”သူခံ
အမှန်တရား အမှားလုပ်
“ဓန”အထုပ်ပိုက်ပြီး
အတ္တ “တမံ….တုတ်”ရိုက်နေကြ။
ဘယ်သူသေသေ……
ငတေမာရင်ပြီးရော စိတ်ဓာတ်
အိပ်ကပ်ထဲက ပိုက်ဆံနဲ့
လောကဓံကို…..
ပြောင်းပြန်လှန်လို့မရဘူး။
လက်သည်းဆိပ်တော့ လက်ထိပ်နာ
ကိုယ့်ထိမှ…..
မချိအောင်နာတတ်ကြသူတွေ
ကံကြမ္မာလှည့်ကွက်အပြောင်း
“တူ”ဖြစ်စဉ်က ကောင်းကောင်းနှံခဲ့သမျှ
“ပေ”ဖြစ်ချိန်မှာ သိမ်ငယ်စွာ ခံလိုက်ပါဦး။

( လင်းလက်နိုင် )

" အမေပန်တဲ့ပန်းသုံးပွင့် "


- အမေ
အမေမွေးတဲ့သားသုံးယောက်
တစ်ယောက်က
နိင်ငံရေးခေါင်းဆောင်
တစ်ယောက်က
ဘာသာရေးခေါင်းဆောင်
တစ်ယောက်က
လူမှုရေးခေါင်းဆောင်။

-အမေ ကျေ နပ်ပါတယ်ကွယ်
အမေပြောတဲ့စကား။

-ငါ့သားတွေကိုကျေ နပ်တာက
ရာထူးကြောင့်မဟုတ်
ပညာကြောင့်မဟုတ်
ဥစ္စာကြောင့်မဟုတ်
မဟုတ် မဟုတ် မဟုတ်။

-သားကြီးက ဓါးကိုပေးတယ်
သားလတ်က တရားကိုပေးတယ်
သားငယ်က အားကိုပေးတယ်
ငါ့သားတွေရဲ့ နှလုံးသားမှာ
ပရဟိတစိတ် ကိန်းအောင်းနေတာ
အမေ အကျေ နပ်ဆုံးအရာပါ။

-အမေစိုက်ခဲ့တဲ့မေတ္တာပန်းပင်
ဘဝမှာရှင်သန်ကြီးပြင်း
တိုးတက်လို့ ထိုးထွက်လို့ 
ပန်းတွေကလည်းပွင့်ပွင့်လာ
ပွင့်တဲ့ပန်းတွေက
အမေ့ဦးခေါင်းထိပ်ပေါ်မှာ
ဆိုင်ရာအလှကိုယ်စီနဲ့သာ။

- ပန်းသုံးပွင့်နဲ့လှနေတာ
သားသုံးယောက်ရဲ့အမေပါ ။

Ashinthuri Ya

Saturday, August 16, 2014

ငှက်တို့၏တေး


မလိုက်ရဲရင်လည်း
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ။


တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
(ငှက်ဆိုတာကတော့ ...) ပျံရင်းသေ။

ကဆုန်ဆိုင်းသလိုပေါ့
မုန်တိုင်းက ရှေ့မှာမွှေ
တောမီးတွေက ရှေ့မှာဝိုင်း။

ခြင်္သေ့က မြက်မစား
ကျားက ကြွက်မချောင်း
မိချောင်းက ဖွတ်လိုမနေ

အိုးဝေ..အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်းပါလို့
ပျံရင်းသေ ခရီးဆက်မယ်တဲ့
(အဲဒါ..) ငှက်တို့ရဲ့သမိုင်း။

မောင်စိန်ဝင်း(ပုတီးကုန်း)

လျှာသုတေသန


လူဟာ. . .
လျှာတစ်ခုနဲ့
သာဓုသံဖွဲ့၊ ကာရန်နွဲ့တယ်။

လူဟာ. . .
လျှာတစ်ခုနဲ့
ငါ ဟုမာန်ဖွဲ့၊ ကာရန်မဲ့တယ်။

တစ်ခါတစ်ခါ
သကာချိုပျား၊ လူ့လျှာဖျားမှာ
သကြားခဲတွေဖြစ်သွားတယ်။

တစ်ခါတစ်ခါ
တမာလိုခါး၊ လူ့လျှာဖျားဟာ
မုသားသည်းခြေဖြစ်သွားတယ်။

လျှာဆိုသည်မှာ
တစ်ခါတစ်ကြိမ်
ပင့်ကူအိမ်လား
တစ်ကြိမ်တစ်ခါ
ရွှေလိပ်ပြာလား။

အသွားနှစ်မြှောင့်
အမှားစောင့်တဲ့လျှာ
ကြောင့်ကြပါဘိတကား
စကားအဖြောင့်
တရားစောင့်တဲ့လျှာ
တောင့်တပါ၏ဘုရား. . . . ။ ။

မောင်ခိုင်မာ (ရုပ်ရှင်တေးကဗျာ၊ ၁၉၈၉၊ ဒီဇင်ဘာလ)

Friday, August 15, 2014

လမင်းတရာ


လမင်းတရာ၊ ညအခါဝယ်
ကမ္ဘာအနှံ့ သာလျက်ပါ။

တရုတ်ပြည်မှ…..
ရေကြည်ရစ်ဖြာ၊ မြစ်သဲဝါ၀ယ်
ညခါလမင်း၊ ရေသောက်ဆင်း၏။

ဆိုဗီယက်မှ…..
မြစ်မစိမ်းပြာ၊ ဗော်လဂါဝယ်
ညခါလမင်း၊ ရေချိုးဆင်း၏။

တိုင်းအီဂျစ်၏…..
နိုင်းမြစ်ရေပြင်၊ လမင်းရှင်သည်
ပျော်ရွှင်ကခုန်၊ လှိုင်းရေစုန်နှင့်။

မစ္စစ္စပီ၊ မြစ်နဒီဝယ်…..
သိင်္ဂီရွှေနှိုင်း၊ လမင်းဝိုင်းသည်
ရေလှိုင်းယက်ကြား၊ ပြေးကစားလျက်။

အိန္ဒိယ၏…..
မြစ်မဂင်္ဂါ၊ ရေကြည်ပြာဝယ်
ညခါလ,ရိပ်၊ လျောင်းပျော်အိပ်လျက်။

ပြည်မြန်မာ၏…..
ဧရာဝတီ၊ ရေပြာကြည်ဝယ်
ပီပီရွှန်းရွှန်း၊ လပြည့်ဝန်းသည်
ပေါ်ထွန်းကြည်လင်၊ ရွှေရိပ်ထင်လျက်
ရေပြင်လှိုင်းယက်၊ တလက်လက်။

လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်အစဉ်ပါတကား။

သို့တစေလည်း…..
သူ့ရေမြေပေါ်၊ စစ်ကျူးကျော်သော်
ရွှေလှော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငုပ်လျှိုးသွားတကား။

မြစ်မရေတွင်း၊ စစ်ကျော်နင်းလျင်
လမင်းမှုန်ရီ၊ သွေးစွန်းနီကာ
ပီပီမလင်းနိုင်ရှာပေ။

ကမ္ဘာမြေပေါ်…..
ကျူးကျော်စစ်ခင်း၊ နယ်ချဲ့နင်းက
လမင်းတရာ မသာနိုင်။

လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်ထိန်ကြည်၊ ငြိမ်းအံ့ရည်၍
တိုင်းပြည်ကိုကျူး၊ နယ်ချဲ့ရူးကို
တပ်ဦးဖွင့်ကာ တော်လှန်သည်။

နယ်ချဲ့ကင်းမှ…..
လမင်းလည်းသာ၊ ကမ္ဘာလည်းအေး
တေးလည်းအနှံ့၊ ပန်းသင်းပျံ့လိမ့်
နိုင်ငံ့ပြည်သူ နိုးကြားသည်။

နယ်ချဲ့ကင်း၍…..
လမင်းတရာ၊ သာသောခါဝယ်
ကမ္ဘာငြိမ်းချမ်း လာလိမ့်တကား။ ။

ကြည်အောင် ( ၁၉၆၃ )

သူရဲကောင်းသုံးယောက်နှင့်ခရီးသည်


စုံရိပ်မြိုင်စွယ် ကန္တာလယ်
အိုဘယ်ယောက်ျားခရီးသွား
ဖော်လည်းမစွယ်တစ်ကိုယ်ငယ်
အိုဘယ်သူသားကြောက်ဘူးလား…

ဤသို့မေးသော်…..
ရွှင်အေးကြည်သာပြုံးမျက်နှာဖြင့်
အိုဘာကိုထောက် ကြောက်ရမလဲ
သဟဲဖော်ညှိ သတ္တိ ရှိပြီ
ချစ်သည်သဟာ ဇွဲ လည်းပါ၍
မကွာထပ်လောင်း ငယ်ကပေါင်းသည့်
ဆွေကောင်း လုံ့လ တူတကွတည့်
ဘေးကတူယှဉ် ပါခဲ့လျှင်သော်……
ငါ့တွင်သေချာ အောင်ဖို့ရာတည့်…။

ယောက်ျားငါကို မွက်ဟဆို
ဖော်မလိုပဲ တစ်ကိုယ်တည်း
တော်ပေ့လူမော်ပွဲတိုင်းကျော်
သုံးဖော်ဆွေလည်း တူယှဉ်တွဲသည်
အောင်မြဲမုချ အောင်မည်ပ…………။

ငွေတာရီ