သူခိုး….တဲ့
စကားလေးနှစ်လုံးထဲနဲ့…..
တစ်နိုင်ငံလုံး
ဗုံးဗုံးလဲခဲ့ရ…..
ကြည့်စမ်းပါဦး…..
တရုန်းရုန်းနဲ့….
သူခိုးပြိုင်ပွဲကြီး
ကျင်းပနေသလားအောက်မေ့ရ…..
တောတွေလည်းပြုန်း…..
တောင်တွေလည်းကတုံးဖြစ်…..
မြစ်တွေကချောင်းလိုကောသွား…..
ဒီကြားထဲ….
ဒင်းတို့တစ်တွေက…..
ဧရာဝတီကိုတောင်
“သင်း”သတ်ချင်ကြသေးတယ်…..။
အချက်မသိတော့လည်း…..
ဆက်ရက်ကိုချိုးထင်…..
သမက်ကိုသူခိုးထင်ကြ……
ရင်တမမနဲ့၊
သည်လိုခေတ်ကြီးထဲမှာ…..
ကိုယ့်မြင်းကိုယ်စီးလို့မှ၊
အထီးမှန်းအမမှန်းမသိ…..
ကိုယ့်လှေကိုယ်ထိုးလို့မှ၊
ပဂိုး(ပဲခူး)ရောက်မှန်းမသိကြ…..
အ၀ိဇ္ဇာအမှောင်
“နွံ”နစ်ပြီး သိက္ခာဗြောင်ညစ်နေကြတဲ့…..
ဒီလိုခေတ်ဆိုးခေတ်ညစ်ကြီးထဲမှာ…..
သူခိုးက
“လူ”ဟစ်ချင်ကြသေးတယ်…..။
ဒီကြားထဲ…..
တချို့က…..
သူခိုးကိုဆရာတင်ကြတယ်…..
တချို့က…..
သူခိုးကိုအဖေတော်ကြတယ်…..
တချို့က…..
သူခိုးကိုမိတ်ဆွေဖွဲ့ကြတယ်…..
တချို့က…..
သူခိုးကိုသေဖော်ညှိကြတယ်…..
တချို့က…..
သူခိုးပြေးမှထိုးကွင်းပြကြတယ်…..
ပိုပြီးဆိုးတာက….
တချို့ကဆို…..
သူခိုးကို….. ဓားရိုးတောင်ကမ်းလိုက်ကြသေးတယ်…..
ကိုင်း……
ကောင်းကြရောပေါ့ဗျာ…..။
ဒီလို “လူ”တွေထဲမှာ…..
ကျုပ်ကတော့…..
အမေပြောတဲ့ “အမှန်တရား”အတိုင်းပဲ…..
“သူခိုး”ကို
“သူခိုး”လို့အော်လိုက်မိတယ်…..
ဘုရား…..
ဘုရား….. ကျုပ်တော့မှားသွားပြီထင်တယ်…..
ကျုပ်ကိုကြည့်နေကြတဲ့……
သူတို့ရဲ့မျက်လုံးတွေကလေ…..
“နဂါးမျက်စောင်း”သာဆိုရင်…..
ကျုပ်ပြာကျသွားလောက်ပြီပေါ့အမေရယ်…..။
အင်း….. ဒီလိုပုံနဲ့…..
မိုးကြီးချုပ်ခဲ့မယ်ဆိုရင်…..
မျှော်လင့်ချက်တွေ…..
အလုပ်ဖြစ်မယ်မထင်တော့ဘူး….. အမေ…..
နောက်ဆုံးတော့…..
ကျုပ်စဉ်းစားမိတယ်…..
အဘိုး “မှိုင်း”ရေးဖို့ကျန်တဲ့…..
သူခိုးဆိုင်းဋီကာတစ်ပုဒ်ကို၊
ကျုပ်ရေးထုတ်မိတယ်…..
သူဋ္ဌေးနော်အမှန်ဖြစ်အောင်ပ…..
မပြေးသော်
“ကန်”ရာရှိပြီမို့…..
သူခိုးကို
“သေဖော်ညှိ”လိုက်ရင်…… ကောင်းမလား…..
တစ်မျိုးပမာတင်ပြရရင်…..
သူခိုးကို
“ဆရာ”တင်လိုက်ရင်….. ကောင်းမလား…..
အမျိုးဂုဏ်အားကိုးနဲ့…..
ခရိုနီဆိုးတချို့နဲ့…..
သူခိုးကို…..
ဓားရိုးကမ်းလိုက်ရင်….. ကောင်းမလား.။….
……………………………..
ကောင်းမလား……
……………………………..
ကောင်းမလား……
( သက်မင်းဂျူလိုင်
)
No comments:
Post a Comment