Friday, August 1, 2014

စကိုလာရီပြောတဲ့ မြန်မာ့ဖလား


စကိုလာရီက ပြောသွားတယ်
ပွဲက ပြီးကာနီးလာပြီ
ရှုံးဖို့က ရာနှုန်းနှစ်ရာ

နောက်တစ်ပွဲဆိုရင် ငါ
ဒီနေရာမှာ
မရှိတော့မှာ အသေအချာ

မဖြစ်ပါဘူး
မကန်ရသေးတဲ့
ကောင်ကလေးတွေ
အလှည့်ပေးဦးမှ

ဟိုတစ်ကောင်ကိုလည်း
လူစားလဲဖို့ လိုတာ
အတော်ကြာနေပြီ

ကစားကွက်နဲ့
အံမ၀င်တဲ့တစ်ယောက်လည်း
တော်လွန်းတော့
ထုတ်ရမှာပါဘဲ

နို့မို့ဆို
တခြားကစားသမားတွေ
ညံ့လွန်းနေတာ
လူပိုသိကုန်မှာ

ငါ့လက်ထက်မှာ
မှတ်တမ်းတွေ ရေးခဲ့တယ်
စံချိန်တွေ ချိုးခဲ့တယ်
အစုတ်အပြတ်ဆုံးအဖြစ်
အဆိုးဝါးဆုံးအခြေအနေ

ပွဲပြီးတဲ့အခါ
မအောင်မြင်ခဲ့တာတွေအတွက်
သိက္ခာရှိစွာ
ငါထွက်သွားမယ်များ
ထင်နေကြသလား
မှားသွားလိမ့်မယ်

ကိုယ်မထွက်တောင်မှ
သူတို့က ဆက်ရွေးဖို့ဆိုတာ
မဖြစ်နိုင်တော့ပါဘူး

နေရာရူးတစ်ယောက်ကလည်း
ဟန်တပြင်ပြင်နဲ့
နေရာဝင်ယူချင်လွန်းလို့
အတွန်းအပို့တွေနဲ့လှုပ်ရှား
အင်အားစုဗျူဟာခင်း
သင်းပဲရမှာ သေချာနေသလိုလို

ဒီအသင်း ဒီအဆင်နဲ့
ဒိတ်ဒိတ်ကြဲပြိုင်ပွဲဝင်တွေကြားမှာ
ကမ္ဘာ့ဖလားလိုချင်ခဲ့တာ
ခင်ဗျားတို့ရဲ့ မဟာအမှား။


မောင်စံပေါ

No comments:

Post a Comment