Friday, August 1, 2014

ကြားစေချင်တယ်


သမီးရယ်..
ကြည့်လိုက်စမ်းလေ 
မိုးတွေသည်းနေလိုက်တာ
ဟော..ဟိုမှာ ခလေးနှစ်ယောက်
အမှိုက်တွေကောက်လို့
ဟောက်လွှတ်သူက ဟောက်လို့
ခပ်ယို့ယို့အမူရာလေးတွေနဲ့
ဝမ်းတစ်ထွာအတွက် ရှာနေကြတာတွေ….။
သမီးရယ်
ကြည့်လိုက်စမ်းလေ
ဟော..ဟိုမှာဘူတာနားက
လက်ပြနေတာတွေ့လား
“ဝယ်သွားပါ.အမရယ်”
“လျော့ပေးပါ့မယ်..အကိုရယ်”
“ဒါရောင်းရမှ ထမင်းချက်ရမှာမို့ပါ”
တစာစာအော်ရင်း ဘဝသီချင်းဆိုနေကြတာတွေ…။
သမီးရယ်
ကြည့်လိုက်စမ်းလေ
ဟော..ဟိုကရေပြင်ကြီးနား
အင်းယားလို့ခေါ်တဲ့ကန်ဘောင်
“တစ်ထောင်ဖိုး နှစ်ဗူး”
“နှစ်ရာဖိုး သုံးလိပ်”
“ကွမ်းတစ်ထုပ် နှစ်ရာပါ”
အသံတောင်ပြာနေပြီပေါ့
ဖျော့တော့တော့ အသံနဲ့
ကံကြမ္မာကို ဖန်လာသလိုလျှောက်နေကြသူတွေ…။
သမီးရယ်
စဉ်းစားကြည့်ပါလေ
သူတို့တတွေမှာ
ဟန်ဘာဂါမသိ ငပိတောင်နပ်မမှန်
ကံကြမ္မာစေသမျှ ကနေကြရတာလေ
ဖြူစိမ်းတွေတွေ့တိုင်း မျက်ရည်ဝိုင်းနေကြရတာလေ
မိသားစုတွေတွေ့တိုင်း မျက်နှာချင်းမဆိုင်ရဲကြတာလေ
အားမတန်မာန်ချ ကံကြွေးသမျှစားနေရတာလေ
သမီးတွေ့နေတာတွေပေါ့……။
ဒါပေမယ့်…သမီးရယ်
နောက်ကွယ်ကအဖြစ်
သမီးသိမှဖြစ်မယ်
သူတို့ကလေ
ကံတွေကို ပုံမချ
လုပ်အားအလှနဲ့ ဘဝကိုဖြတ်သန်း 
မက်စ်တမ်းကားကြီးပေါ်က
မိဘငွေရှိန်သုံး ဖြုံးနေသူတွေကို
အပြုံးတွေဖြူဖြူနဲ့
လူလူသူသူပြောတဲ့စကား
သမီးကြားမှဖြစ်မယ်
“ဝယ်သွားပါ အကိုကြီး”
“ဒီနှစ်ရာနဲ့ ကျွန်တော်မလိမ်ပါ”
“သံသရာပါမှာ ကြောက်လို့ပါတဲ့”
လှလိုက်တဲ့စကား မွှေးလိုက်တဲ့ နှလုံးသား
သမီးကြားစေချင်တယ်ကွယ်……။
ကိုဇော် (စက်မှု)

No comments:

Post a Comment